Thursday, September 27, 2012

တံခွန်တွေလွှင့်ပြီဆိုရင်

တံခွန်တွေ လွှင့်ပြီလား
စီးဆင်းခဲ့ဖူးတဲ့ အနီရောင်မြစ်ဟာ
တသွင်သွင်နဲ့ လှနေတုန်းရယ်

တံခွန်တွေ လွှင့်ပြီလား
ဆည်းလည်းသံညလေး မြိန်ပါစေ
လရောင်ချိုလေး မွှေးပါစေ

တံခွန်တွေ လွှင့်ပြီလား
ခုနှစ်စင်ကြယ်ကကြိုးတွေနောက်
ရွှေသမင်လိုက်ခန်း ပြဇာတ်ကောင်းလှပေါ့

တံခွန်တွေ လွှင့်ပြီလား
ဟောဒီဘုရားပွဲညမှာ ပဌာန်းဆက်တွေ
ဆုံကြတွေ့ကြ…မိတ်ဖွဲ့ကြ
ကျွန်တော့်နာမည် ရွှေကြယ်မိုးဖြစ်ကြောင်း
သင့်လိုပဲ ကမ္ဘာမကြေဘူးသီချင်းဆိုခဲ့ဖူးကြောင်း

တံခွန်တွေ လွှင့်ပြီလား
အရင်နှစ်ဘ၀ခြားတည်းက ချစ်သူဖြစ်ခဲ့ရသူ
‘နေရင်ချို’ ဆိုတဲ့ အသူရကယ်ဘုံသူမလေးရဲ့လိပ်ပြာ
ဒီမှာကိုယ်ထင်ပြမယ်ဆိုလို့ ကျွန်တော်လာခဲ့တယ်

တံခွန်တွေ လွှင့်ပြီလား
မအူပင်ရွှေဘုန်းပွင့်ဘုရားပွဲ စီလှချေပေါ့

တံခွန်တွေ လွှင့်ပြီလား
တံခွန်တွေ လွှင့်ပြီဆိုရင်ပြောပါ
နတ်ဝင်သည်တို့ အစိမ်းတိုက်-တိုက်ဖို့
‘နေရင်ချို’ ရဲ့လိပ်ပြာကို ဆွဲယူပွေ့ဖက်နိုင်ဖို့
ပြောပါ…ပြောကြပါ
တံခွန်တွေ လွှင့်ပြီဆိုရင်…။              
                                    ရွှေကြယ်မိုး

No comments:

Post a Comment