Sunday, September 9, 2012

လူနာနေတဲ့…မြို့

မြို့လေးဟာ
အမြဲတမ်းလိုလို သက်ငြိမ်တိတ်ဆိတ်
ကွဲရှထုံကျင်တဲ့ လေတိုးသံရှည်တွေနဲ့
တောင်တန်းတွေရဲ့ အခြားတစ်ဖက်ကို ငေးကြည့်နေသလိုမျိုး

မျှော်လင့်ဆုတောင်းနေကျ အရာတစ်ခုဟာ
မကြာခင် ကာလလေးအတွင်းမှာ
ဂျာမိုနီကာပန်းချုံတွေနဲ့ မြို့ရိုးကိုဖြတ်
တရွတ်တိုက်ရွေ့လျားနေတဲ့ ရွက်ကြွေတွေနဲ့အတူ
ရောက်ရှိလာတော့မှာကို ကြိုသိ စောင့်ဆိုင်းနေသလိုမျိုး

မြို့လေးဟာ
ရီဝေ လေးနက်စွာ တိတ်ဆိတ်နေတယ်။

မြို့လေးရဲ့ အ၀င်လမ်းမမှာ
အိုမင်းပေမယ့် သန်မာဆဲ
လက်ပံပင်ကြီးတွေက
စီစီရီရီနဲ့…
လက်တံရှည်တွေနဲ့
ယိမ်းနွဲ့လို့ ကခုန်
မင်း…လာမှာကို သူတို့ ကြိုသိနေရော့သလား

ဘတ်(စ်)ကားအို လေးတွဲ့တွဲ့ကြီးတွေက
မြို့အ၀င် ခပ်လှမ်းလှမ်းမှာ ရပ်တန့်ပေးလိမ့်မယ်
မင်း ဆင်းလျှောက်ခဲ့ပါ…
လေညှင်းတဖွေးဖွေးနဲ့ ရွက်ကြွေတွေ ခရီးမှာ
မင်းဆံပင်စတွေ ဖရိုဖရဲဖြစ်ကုန်ပြီလား
တစ်ချက်ချက်မှာ နှင်းဆီရနံ့တွေရှုရှိုက်ခဲ့မိရင်
ဒါမှမဟုတ်
ဘေးတစ်ဖက်ကို လှည့်ကြည့်မိလိုက်ရင်
နှင်းဆီတွေအပြည့်ခင်းထားတဲ့ ရာကျော်
သူရဲကောင်းတို့ ကျောက်စာတိုင်တွေ တွေ့ရမယ်


တောင်စောင်းတွေ
တောတန်းတွေ
မီးခိုး တပျံ့ပျံ့နဲ့ ယာခင်းတွေ
ထင်းရူးလို ချွှန်မြမြအပင်တွေ
အဲ့ဒီ့အရိပ်တွေက
မင်းအတွက် ထီးတစ်ချောင်းဖြစ်လာမယ်
ပြီးတော့
မင်းဟာ
အံ့သြမှင်သက်မှုတွေနဲ့
အဲ့ဒီ့အရာတွေကို
ငေးကြည့်နေလိမ့်မယ်

တစ်လှမ်းချင်းလှမ်းရင်း
ရှုခင်းတွေကို ငေးရင်း
ရှုခင်းတွေကို ငေးရင်း
တစ်လှမ်းချင်းလှမ်းရင်း
မင်း စိတ်တွေလည်း
မြို့လေးဆီ လွင့်မျောနေလောက်ပြီပေါ့

အချစ်ရေ…
သစ်ကိုင်းတွေနဲ့ ခြံခတ်ထားတဲ့
ပျဉ်ထောင်အိမ်တစ်အိမ်ထဲက လူတစ်ယောက်ဟာ
မင်းကို မျှော်နေခဲ့တာကြာညောင်းလှခဲ့ပြီပဲ

ဟိုအရင်ကလို ပန်းတစ်ခက်ခက်ကိုများ မင်းပန်ထားသေးလား
ခရီလမ်းမှာ မင်းပန်းများ မနွမ်းခြောက်ခဲ့ဘူးမလား
စာအုပ်တွေထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးနဲ့
စလွယ်သိုင်းလွယ်ထားတဲ့ တယောနဲ့
လက်ဆွဲအိတ်တွေ ကိုယ်စီနဲ့
မင်းတစ်ယောက်
မြို့လေးထဲက အိမ်လေးဆီကို ရောက်တဲ့အခါ…။    
                                                ရွှေကြယ်မိုး

1 comment:

  1. ရွာမှာနေတဲ့သူဆိုတော့
    လူနာ လူအို နေတဲ့ ရွာ
    လူသေပို့ဘုန်းကြီး

    ReplyDelete