Wednesday, February 20, 2013

ဇာခြည်ချော့တေး

ဒီအတိုင်းပဲ ဆက်ငိုနေမယ်ဆိုရင် မင်းကို ပိုးကောင်ကြီးတွေ လာကိုက်လိမ့်မယ်ကွ
မျက်ရည်တွေကို သုတ်လိုက်…ငြိမ်းချမ်းရေးတရားတွေ မငြိမ်းချမ်းနိုင်မှန်း ခေါင်းထဲမထည့်နဲ့
မရှိုက်နဲ့လေ…မျက်ရည်တွေကို သွန်မချနဲ့…ခေါင်းမော့ဇာခြည်…ခေါင်းမော့ဦး
ဟိုးရှေးရှေးတုန်းကပုံပြင်တွေထဲမှာပဲ ထားနိုင်သမျှကို ထားလိုက်ကြတာ ပိုကောင်းတယ်
တစ်ခါတစ်လေမှာ ယုံကြည်ချက်တွေနဲ့ဖြစ်ဖြစ်၊ အမှန်တရားတွေနဲ့ဖြစ်ဖြစ်
တည်ဆောက်ယူလို့မရတာတွေ အများကြီးပဲဆိုတာ မင်းကိုပြောထားဖူးတယ်မဟုတ်လား

ငိုချင်စရာကောင်းနေတာ အစကတည်းက
ငိုကြွေးခြင်းက ဖြစ်ခဲ့သမျှတွေအတွက် အကောင်ဆုံးမဟုတ်ဘူး
တိတ်စမ်းပါ ဇာခြည်ရယ်…ဟုတ်တယ်…တို့နောက်ကျသွားပါပြီ
နောက်ကျသွားပြီထင်ရတာမျိုး ခြေကျွံသွားပြီထင်ရတာမျိုး
ဟုတ်တယ်…ဒါမဆန်းဘူးကွ…တုံးခုလှမ်းလို့မရတဲ့လမ်းတွေကို
သိတယ်မဟုတ်လား ဇာခြည်...နေသားကျပြီးသားတွေပါကွာ
အရင်လိုအိမ်ပြန်ချိန်တွေ နောက်မကျဖြစ်တော့ဘူးမဟုတ်လား
သင်္ဘောပေါ်မှာ ငါနဲ့ နီးနီးကပ်ကပ်ပြန်ထိုင်လို့ အဆင်ပြေတယ်မဟုတ်လား
မငိုပါနဲ့ဇာခြည်ရာ…တိတ်ပါ…မျက်စိအိမ်တွေကို ပိတ်လိုက်…ပြန်မဖွင့်နဲ့ဦး
လိမ္မာပါတယ်…အပြီးသတ် သူ့ဘာသာသူ ယိုစီးကျသွားလိမ့်မယ်

အိမ်နေရင်းဝတ် အ၀ါရောင်အိင်္ကျီလေးနဲ့ မင်းက သိပ်လိုက်တာပဲ
ညညခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တဲ့ မင်းအမူယာလေးက သိပ်ချစ်ဖို့ကောင်းတာပဲ
တစ်ခါတစ်ခါကျမှ ကလေးဆန်ဆန်ထထရယ်တတ်တဲ့ မင်းစိတ်တွေက သိပ်လူဆန်တာပဲ
အဲ့တာတွေအကုန်လုံး ငါ့မျက်စိရှေ့မှောက်မှာ အမြဲတမ်း မြင်ရတွေ့ရချင်တာပေါ့
မငိုနဲ့ကွာ…မင်းသိပ်ပင်ပန်းလွန်းနေပြီ…မင်းရဲ့ ရှိုက်သံတွေက မင်းသိပ်ယုံကြည်လွန်းခဲ့တဲ့
ကံကြမ္မာကိုလှောင်ပြောင်သရော်နေရော့မယ်…ပစ်ပစ်ခါခါ နာကျည်းနေရော့မယ်

တိတ်တော့နော်…ဟိုးမှာ ဘီလူးသရဲကြီးတွေ ရှိတယ်
အစိမ်းရောင်လက်တံတွေနဲ့ ရင့်ရော်ကျနေတဲ့ တစ္ဆေအိုတွေရှိတယ်
မင်းဆက်ငိုရင်နေ သူတို့မင်းကို လာကိုက်စားလိမ့်မယ်

အဓိကက မင်းရဲ့မျက်ရည်တွေ ခြောက်သွားဖို့လိုတယ်
ဇာခြည်…ဒီမျက်ရည်တွေ…မှောင်တောင် မှောင်လုပေါ့
တိတ်ပါကွာ…ငါတို့ရဲ့ ကောင်းကင်လေး
ငါတို့ရဲ့ အိပ်မက်လေး…ငါတို့ရဲ့ ဘ၀လေး
မကြာခင်မှာ ငါမျက်စောင်းထိုးအိမ်လေးဘ၀က
နှုတ်ထွက်ရတော့မယ်…ငါ ဘယ်လိုလုပ် မင်းရဲ့
အဝေးကို ထွက်သွားရက်မှာလဲ…ဇာခြည်ရယ်
တိတ်နော်…လက်တွေ့တွေထဲမှာက လွဲလို့
ဘယ်နေရာမှာမှ ငါတို့ မဝေးကြပါဘူး ဇာခြည်ရယ်

တိတ်စမ်းပါဇာခြည်…တိတ်စမ်းပါ
မင်းလိမ္မာပါတယ်…မငိုနဲ့တော့ကွာ
မငိုနဲ့တော့…ကြောင်မဲကြီးလာလိမ့်မယ်
သရဲကြီးလာလိမ့်မယ်…တိတ်…တိတ်
ဘီလူးသဘက်ကိုသိလား…ဟစ်တလာကိုသိလား
မငိုနဲ့ဇာခြည်…သူတို့လာကြလိမ့်မယ်
Mi 35 လေယဉ်ပျံတွေကို ကြားဖူးလား
နာဂစ်ကိုကြားဖူးလား…ကဒါဖီကို ကြားဖူးလား
ဗမာစစ်တပ်ကို ကြားဖူးလား…တိတ်ပါကွာ…လိမ္မာပါတယ်
သူတို့တကယ်လာကြမှာကွ…ဟော…တိတ်…တိတ်…ဇာခြည်
လိမ္မာပါတယ်ကွာ…တိတ်တော့နော်…အမှန်တရားဟာ
အပြီးသတ်လှပခြင်း ဟုတ်မှမဟုတ်တာပဲ ဇာခြည်
                                                ရွှေ ကြယ် မိုး

အနာဂတ်ကောင်းကင်မိသားစု (၂)နှစ်ပြည့်အမှတ်တရ ကဗျာပြိုင်ပွဲ ဆုကြေညာခြင်း

တတိယနေရာအဖြစ် အကဲဖြတ်အဖွဲ့ကနေ ဆုံးဖြတ်ပေးခဲ့တဲ့ ကဗျာလေးကတော့ ကိုရွှေကြယ်မိုး ရေးသားတဲ့ မိလိုင်ဇာ…ငါမင်းကို အရမ်းချစ်တာပဲ ဆိုတဲ့ကဗျာလေးပဲ ဖြစ်ပါတယ်။။ ဒီကဗျာလေးကို ကိုရွှေကြယ်မိုးက သူများနဲ့မတူတဲ့ စိတ်ကူးတွေနဲ့ ကွန့်မြူး၊ရေးဖွဲ့သွားတာ ဖြစ်ပါတယ်။။ လိုင်ဇာဆိုတဲ့ ကချင်ပြည်နယ်မှ မြို့လေးတစ်မြို့ရဲ့ သေနတ်သံ မတိတ်သေးခင်တုန်းက အကြောင်းကို စစ်ရှောင်ဒုက္ခသည် တစ်ဦးအနေနဲ့ ခံစားရေးဖွဲ့ထားတယ်လို့ ထင်မြင်မိပါတယ်။။ ဘာပဲပြောပြော အခုချိန်မှာတော့ ကိုရွှေကြယ်မိုးရဲ့ ကဗျာထဲကလိုပဲ ပြည်ထောင်စုသားအားလုံး ချစ်ကြတဲ့ လိုင်ဇာမြို့ဟာ ဒဏ်ရာတွေကိုထိုးခွင်းလို့ လင်းချင်းပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။။ လက်ဖမိုး၊ လက်ဖဝါး ဝိဝါဒကွဲပြားမှုကြောင့် တင်းမာနေမှုတွေကို အခုဆို ညီအစ်ကိုချင်း လက်တွေဆွဲလို့ ပြုံးပြ၊ ဖြေလျော့နေပါပြီ။။ ဘာပဲပြောပြော အတွေးကောင်းလေးနဲ့ ကွန့်မြူးရေးဖွဲ့ထားတဲ့အတွက် တတိယနေရာကို ရရှိခဲ့တဲ့ ကိုရွှေကြယ်မိုးအတွက် အထူးပဲ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။။

ဆက်လက်ပြီး အကဲဖြတ်အဖွဲ့က ဒုတိယနေရာအဖြစ် သတ်မှတ်ပေးခဲ့တဲ့ ကဗျာလေးအလှည့်ဖြစ်ပါတယ်။။ အဲဒီကဗျာလေးကတော့ မစံလွန်းသီ ခံစားရေးဖွဲ့တဲ့ ♥♥♥ ဘောင်ခတ်ထားသော တောင်တန်းပေါ်မှ သစ္စာတရား ♥♥♥ ဆိုတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။။ ဒီကဗျာလေးမှာဆိုရင်လည်း မစံလွန်းသီဟာ တာဝန်သည်သာ ပထမ၊ တာဝန်သည်သာ ဒုတိယ၊ တာဝန်သည်သာ တတိယဆိုတဲ့အတိုင်း (၂၄)နာရီပတ်လုံး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ဟိုးအဝေး တောင်တန်းတွေပေါ်မှာ ထမ်းဆောင်နေရတဲ့အတွက် သူမအနားမှာ အချိန်ပေး ကြင်နာ၊ယုယမှု မပြုနိုင်တဲ့ တပ်မတော်သား ချစ်သူဆီကို တိုင်တည်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။။ ခံစားချက်ကို ပေါ်လွင်အောင် ထိထိမိမိ ကျစ်ကျစ်လျစ်လျစ် ခံစား၊ ရေးဖွဲ့နိုင်ခဲ့တဲ့ အတွက်ဆုအဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။။ မစံလွန်းသီရဲ့ ချစ်သူဟာလည်း သိပ်မကြာခင်မှာ ဟိုးတောင်တန်းတွေပေါ်မှာ သူ့ချစ်ခြင်းနဲ့ စိုက်ပျိုးထားတဲ့ သစ္စာပန်းတွေကို တယုတယထုပ်ပိုးပြီး ပြန်ရောက်လာတော့ မှာပါ။။ အဲဒီအခါကျရင် မစံလွန်းသီအနေနဲ့ ချစ်သူကို တခုတ်တရစောင့်နေခဲ့ကြောင်း "သူရဲကောင်းဆန်ဆန် …အပြုံးမျိုးနဲ့ …….. လှလှပပလေး ပြောပြနိုင်ပါစေ" ဗျာ။။ ဒုတိယနေရာကို ရရှိတဲ့ မစံလွန်းသီအတွက် အထူးပဲ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။။

အခုနောက်ဆုံးအနေနဲ့ အကောင်းဆုံး၊ အထိမိဆုံး ရေးဖွဲ့ခဲ့လို့ ပထမနေရာကို ရရှိခဲ့တဲ့ ကဗျာလေးအလှည့်ပါ။။ အဲဒီကဗျာလေးကတော့ ကိုလင်းလက် ခံစားရေးဖွဲ့တဲ့ သတ်ပုံမှားရေးချင်တဲ့ကဗျာ ဆိုတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။။ အချိတ်အဆက်မိမိ ၊ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ဆိုလိုချင်တာကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်တာကြောင့် ပထမနေရာအဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။။ ဒီကဗျာမှာဆိုရင် ကိုလင်းလက်ဟာ ကချင်ပြည်နယ်က သေနတ်သံမတိတ်သေးတဲ့ ဒေသတချို့ဆီက စစ်ရှောင်ဒုက္ခသည်တစ်ယောက်ရဲ့ ရင်ဘတ်နဲ့ ခံစားရေးဖွဲ့တယ်လို့ ထင်မြင်မိပါတယ်။။ လက်ဖမိုး၊လက်ဖဝါး ဝိဝါဒကွဲပြားပြီး ကိုယ့်အမှန်တရားနဲ့ကိုယ် တင်းမာခဲ့ကြလို့ ဘေးလွတ်ရာသို့ စစ်ရှောင်ရင်း ကျီးလန့်စာစား ဘဝနဲ့ခံစားရနေရပေမယ့် မွေးရပ်မြေကို မစွန့်ခွာနိုင်ရက်လို့ ကြားထဲက မြေစာပင်ပမာ ဖြစ်နေရတဲ့ လူတစ်ယောက်ကို မြင်ယောင်လာစေသည်အထိ ရေးဖွဲ့နိုင်ခဲ့တာကြောင့်လည်း အထူးပဲနှစ်သက်မိကြပါတယ်။။ ပထမနေရာကို ရရှိတဲ့ ကိုလင်းလက်အတွက် အထူးပဲ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။။

ဆုရရှိသူများအနေနှင့် အက်ဒ်မင်တစ်ဦးဖြစ်တဲ့ မချစ်ပန်းခိုင် _ Futuresky-8 ထံသို့ ဆက်သွယ်ပြီး ဆုများကို ထုတ်ယူနိုင်ပါတယ်ခင်ဗျာ။။ ဆက်သွယ်ရမယ့် လိပ်စာကတော့ အမှတ် 170 ၊ 87 လမ်းထိပ်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ ရန်ကုန်မြို့။။ ဖုန်း - 0949311705 ဖြစ်ပါတယ်။။။

ကဗျာပန်းများ ဒိထက်မက ဖူးပွင့်လန်းဆန်းနိုင်ကြပါစေ။။

ကျွန်တော်တို့ အားလုံးသည် မိသားစု ၀င်များ ဖြစ်ကြပါသည်။။

Monday, February 18, 2013

ဇာခြည်ရဲ့ အိပ်ခန်းနံရံမှာရေးထားရမယ့် အရာတွေ(၂)

ပြဿနာတိုင်းရဲ့ အစဟာ ငါတို့ မျက်လုံးတွေပဲ ဇာခြည်
တစ်ချက်ကလေးမှားလိုက်တာနဲ့ လဲပြိုကျသွားမယ်ဆိုတာကို
သိခဲ့ကြပေမယ့်…ငါတို့ဟာ ကိုယ့်သေတွင်းကို ကိုယ်ဆက်တူးခဲ့ကြတာ
လှေနံကိုဓါးထစ်ထားတာပဲဖြစ်ဖြစ် …ငါတို့ပြုတ်ကျခဲ့တဲ့ ရေစီးကြောင်းမှာ
ရယ်သံတွေကို ပြန်ကောက်ယူလို့မရတော့ဘူး

ဒီလောကကြီးဟာ ဒီ့ထက်ပိုပြီး ယုံကြည်ချင်စရာ မကောင်းတာ နင်လည်းမသိ
တစ်ခုခုဆို မျက်လုံးပါးလျလျတွေနဲ့သင်းကွပ် … နင်ကိုယ်တိုင်က ယစ်မူးမိခဲ့တာပဲ
အိမ်တစ်အိမ်နဲ့ အိမ်တစ်အိမ်မျက်စောင်းထိုးရုံသာမက တစ်ယောက်နဲ့တစ်ယောက်ကပါ
မျက်စောင်းတွေထိုးခဲ့ကြတာ…လူငယ်တစ်ယောက်ရဲ့ အမှန်တရားတွေ ပျော်ကျသွားခဲ့ရတယ်

ပြာကျနေတဲ့ လူတစ်ယောက်ရဲ့အကြင်နာတွေမှာ နင်ပြန်တောင်းပန်လို့ရမယ့်
ဒုက္ခမျိုးကို ဘယ်တော့မှ မရှာလေနဲ့…မိန်းမတစ်ယောက်ကို မြတ်နိုးမိတာ
ဒီလောက်အဓိပ္ပါယ်မဲ့မှန်းသိပေမယ့် ငါတို့ဟာ အိမ်နီးချင်းတွေဖြစ်ခဲ့ကြတယ်လေ

ထပ်တစ်ကြိမ်ဖန်တီးကြရဦးမယ့် အထိအတွေ့တွေမှာ
နေသားတကျဖြစ်ပြီးသား  ဒဏ်ရာတွေကနေ ငါတို့ပြေးလွတ်လိမ့်မယ် ထင်လို့လား
နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်သီချင်းကို ထပ်ခါတလဲလဲသီဆိုရင်း
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို မျက်လွှာချပြီး တစ်ဖက်ကိုလှည့်မိတယ်
သြော်…ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်

မြက်ပင်ရိုင်းရှည်ရှည်တွေ၊ တံဆိပ်တွေ၊ အရိပ်တွေ၊ ဂုဏ်သိက္ခာတွေက
ဇာခြည်ရဲ့ အိမ်ကလေးနဲ့ ငါ့ရဲ့အိမ်ကလေးကို စည်းခြားပစ်လိုက်ကြတယ်…
နောက်ဆုံးတိုက်ပွဲဆိုတာကို သိနေရပေမယ့် ကျည်ဆန်တွေက ကျန်မှမကျန်တော့ပဲဟာ

ဇာခြည်
ရန်ကုန်မှာ ကားလမ်းတွေဖြတ်ကူးကြရင်း ငါတို့မျက်နှာမှာ
အရေးအကြောင်းတွေလည်း တဖြည်းဖြည်းရင့်သန်လာကုန်ကြပြီ
နင့်မျက်လုံးထဲက ၀ှက်ထားတဲ့အဓိပ္ပါယ် ဘာတွေများလဲဇာခြည်ရယ်…။    ။
                                                                                    ရွှေ ကြယ် မိုး
                                                                www.shwekyalmoe.blogspot.com

Wednesday, February 13, 2013

ခါးသက်မှုဆိုတာလည်း အမှန်တရားပဲ နွားမရွှံ့ပိတ်ကလည်း အမှန်တရားပဲ ဘာလို့ငြင်းနေကြတာတုန်း


ခနခနခြေကျွံကျတတ်တာကိုက အမှန်တရားဖြစ်ခဲ့တာပဲ
ပညတ်ချက်တွေထွက်သွားစမ်းပါ…ကျောသပ်ရင်သပ် ချော့မြူမှုတွေမှာ
ငြိမ်ဆင်းပေးခဲ့ရပေမယ့် လူပဲ တစ်ခါတစ်လေမှာတော့ ရုန်းထချင်တာပေါ့
ခပ်ပါးပါးရယ်နေရတဲ့ နေသားတကျဖြစ်မှုတွေမှာ ငြိမ်သက်ငြိမ်းချမ်းရေးမရှိဘူး
လှုပ်ရှားငြိမ်းချမ်းရေးပဲရှိတယ် ခါးသက်မှုတွေမြိုမကျဖြစ်နေပုံကစလို့
ငါတို့ကို တကွဲတပြားဖြစ်သွားစေတာပါ လူတစ်ယောက်ရဲ့ အဆိပ်ဟာ
ဘယ်နည်းနဲ့မှ ဖြေဆေးမရှိတော့ အသိတရားကိုယ်တိုင်က နောက်ကျတတ်တာ
သိရတော့ ဆင်ခြင်တုံတရားဆိုတဲ့အရာကိုလည်း မြောင်းထဲလွှင့်ပစ်လိုက်ပြီလေ
ကိုယ့်ခြေရာတွေကိုယ်ပြန်မော့သောက်တာပဲ သန့်ရှင်းပါတယ်
အဖြူရောင်တွေမှာ မာယာတွေအရမ်းပါတာပဲ ခလေးတို့ရယ်

ဟွန်းသံတွေ၊ ပြီးတော့ ထိုးခုတ်သတ်ဖြတ်သံတွေ ရယ်သံတွေ အကုန်လုံးက
ဂီတရသမြောက်လာမှတော့ ကိုယ့်ကိုယ်ကို အိတ်သွန်ဖာမှောက်ရှာဖွေရခြင်းဟာ
ကြောက်ဖို့အကောင်းဆုံးပါပဲ
လည်ချောင်းထဲကို လိုလိုလားလားစီးဝင်သွားတဲ့ အငွေ့တွေနဲ့
ကိုယ့်ကိုယ်ကို ပျော်နေတတ်ပြီ ဆုရွေးချယ်ရေးအဖွဲ့တွေကို မယုံတော့ဘူး
တစ်ယောက်က နောက်ကျောလုံအောင် သံရဂုဏ်တင်ပြီးပြီလားမေးတော့
ဘာမှပြန်မဖြေဖြစ်ပဲ လက်ထဲက စီးကရက်လေးကိုသာ ထောင်ပြဖြစ်လိုက်တယ်

လိုချင်တာရှိရင် လာခဲ့ကြလေ
ငါ့ဆီမှာ ပေါက်နေတဲ့နဖူးတွေရှိတယ်
မြောင်းထဲမှာတောင် အံထပ်ချော်ချင်တဲ့ ကားဘီးတွေရှိတယ်
စီစီဖတ်ရဲ့ ကျောက်တုံးတွေရှိတယ်
နွားမရွှံ့ပိတ်တွေရှိတယ်

အကြောင်းရာတွေအကုန်လုံးကို လိုက်မမှီတော့ဘူးမဟုတ်လား
ဒီတင်ပဲ တစ်ခန်းရပ်ကြပါစို့…ရှေ့ကမြစ်ဟာ ဘော်ငွေရောင်တွေတလက်လက်နဲ့
ငါနဲ့ ငါတို့ရဲ့ အမှန်တရားတွေ အစုန်အဆန် ကူးလို့ ခတ်လို့
သေချာတာက ဒီမြစ်ဟာ ဘယ်မိခင်နဲ့မှ ရင်ချင်းမအပ်မိဘူး
ပြီးတော့ ဒီမြစ်ဟာ ဘယ်တော့မှ မစီးဆင်းဘူး
                                                ရွှေ ကြယ် မိုး

Sunday, February 10, 2013

ငါတို့တွေဟာ တွေးတောငေးရီနေယုံမျှသာ

အပေးအယူလေးကို တောင်းဆိုဖို့ရာ အလှမ်းဝေးခဲ့ပြီလား
ရီဝေလေးနက်လွန်းလှသော ဆံနွယ်များ ခွေခေါက်တွန့်ကြေ
နီစင်းကျနေသော မျက်ဝန်းများ အချိတ်အဆက်မမိ
တကယ်တမ်းမှာ အနှစ်သာရတည်ဆောက်မှု
ပုံစံအားဖြင့်ပါ မင်းနဲ့ငါဟာ ခြားနားနေခဲ့ကြ…
တစ်ခါတစ်လေမှာလောက်ပဲ တို့တတွေ မျက်လုံးချင်း အဆက်အသွယ်ရ
စာမျက်နှာတွေကို လွမ်းနာကျစေ…အဲ့ဒီ့လို မရှုမလှ အဓိပ္ပါယ်များ
လက်သီးဆုပ်ရင်လည်း အဆင်မပြေ…လက်ဝါးဖြန့်ရင်လည်း အဆင်မပြေ
ဘာကမှ အဆင်မပြေ…တလိပ်ပြီး တလိပ် စီးရက်ငွေ့တွေ ထောင်းထောင်းထ
စိတ်ဓါတ်တွေ မီးခိုလိုအူ… ရွှေရောင်တောက်လက်နေသော ဆံပင်အခွေခေါက်များဆီ
နီကိုဒင်းငွေ့တွေကိုမှုတ်ထုတ်…ပုံပြင်တွေထဲမှာ ကြားကြားဖူးနေကြ မင်းသမီးတစ်ပါးလို
သူမရဲ့ တည်ငြိမ်မှုများ…လည်ပြန်ကြည့်သော အကြည့်စူးရဲရဲများထဲ နေရောင်ကိုအံတု
ခြေလှမ်းတွေပိုသွက်ခဲ့ကြ…ပိုနောက်ကျခဲ့ကြ…ငါတို့ရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး
ငါ့အတွက် အဲ့ဒီ့သူမရဲ့ ဆံပင်တွေမှာ ခင်ဝမ်းရဲ့ ‘ပြည်မှာဆောင်း’ ၊ ‘ပန်းခရမ်းပြာ’
‘နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်’ စသည်တို့ မှိုင်းမှိုင်းညှို့ညှို့တွဲလဲခိုလို့
ငါ့ရဲ့ အ၀ါရောင်လေးဆီ ခုချိန်ထိ မရနိုင်တာတွေမကုန်သေးဘူးလား မေးမေးနေမိ
တစ်ကိုယ်လုံးပြာဝေ…ခုနှစ်ရက်စာလောက် ချောင်ကျနေတဲ့ မျက်တွင်းတွေလည်း အသံတိတ်
ဟင်းလင်းပြင်ဆန်ဆန်လမ်းသွယ်လေးထဲ ရန်သူသဖွယ်ငေးရီမှုတွေကလည်း
ငါရှိကြောင်း ငါ့ကိုယ်ငါ သေချာစေ…ညဆိုရင် ကြယ်တွေကိုကြည့်ရင်း သူမကိုတွေးတော
ဟိုးအရပ်တွေဆီ ဝေးကွာခြားနား…ကြယ်တွေအောက်မှာ သူမလမ်းလျှောက်နေမယ်ဆိုတာပဲ သိရ
အရင်လို နေ့နေ့ညည ကြုံတွေ့ခဲ့ရတဲ့ ခံစားချက်မျိုး ငါတို့ ဘယ်တော့မှ ပြန်ရတော့မယ် မထင်ဘူး
အရင်လို မင်းရေခပ်ဆင်းတဲ့အခါ ဂရုတစိုက် ငေးကြည့်နေပေးမယ့် ငါလည်း မရှိတော့ဘူး
အရင်လို စက်ဘီးနက်ပြာလေးရဲ့ ခြေနင်းသံတွေကလည်းဘယ်သောအခါမှ ပြန်မရတော့ဘူး
                                                                                                ရွှေ ကြယ် မိုး

Friday, February 8, 2013

ဇာခြည်မ



အေးစက်ရီခိုးနေတဲ့ မျက်လုံးတွေထဲကပဲ
ငါတို့ရဲ့ အဖြစ်အပျက်တွေကို သေလုမျောပါးတွေ့ရှိ
ကိုယ့်စိတ်ကို ကိုယ်ပြန်ပြက်ရယ်ပြုမိကြတော့လည်း
ဘယ်နည်းနဲ့မှ မရှင်သန်နိုင်ကြတော့ဘူးဆိုတဲ့ အကြောင်း
ဇာတ်လမ်းတွေဟာ ထိကရုန်းဆန်ဆန် ကိုင်းညွတ်သွားကြ

ပုံပြင်လို အသိတရားများထဲ ငါတို့ ခနခနပြန်လည်တွေးတော
အထိအတွေ့တွေ ဘာတစ်ခုမှမရှိ…တ၀ဲဝဲနဲ့ မျက်စိလည်
နာကျင်နေကြရတယ်လို့ သိနေရတာက ပိုပြီးဆိုးရွားစေခဲ့
မိသားစုနှစ်စုကိုယ်စီခိုဝင်ခဲ့ကြတဲ့ တံဆိပ်တွေကွဲပြားခြားနား
အ၀ါရောင်စပို့ရှပ်လေး…ငါ့လက်သီးဆုပ်တွေကို ဖြေလျော့ကျစေ

လွတ်လပ်အတွေးအခေါ်တွေမှာတင်
ရယ်သံတွေက အရင်လိုမလွတ်လပ်ကြတော့ဘူး
နှုတ်ခမ်းကွေးကွေးနဲ့ အပြုံးပါး…ရုန်းကန်နေရတဲ့စကားလုံးတွေ
ပြာမှိုင်းညှို့တက် …ငြင်းဆန်စရာလည်းမရှိ…လက်ခံစရာလည်းမရှိ
အတွန့်အကြေလုပ်ပစ်လိုက်တဲ့ သူမရဲ့ ရွှေရောင်ဆံပင်လွင်လွင်လေးတွေထဲ
ငါ့ အမှန်တရားတွေပျောက်ဆုံး…အေးစက်မာကျောတဲ့ မြင့်မြတ်မှုပုံစံတွေနဲ့

တစ်ခုခုကို စဉ်းစားတွေးတောယုံနဲ့ ငါ့ကို ခွင့်လွှတ်လို့ရ
ငယ်စဉ်တောင်ကျေးမပြည့်စုံမှုများကစလို့ တလျှောက်လုံး
ငါ့ကိုစောစောစီးစီး တိုက်ပွဲကျစေခဲ့…(၅)နာရီ (၂၀) သင်္ဘောခေါက်ထက်
ပိုမိုနောက်ကျ…တစစကွာလှမ်း…အိမ်အပြန်လမ်းတွေက တုန်လှုပ်ဖွယ်

နောက်ဆုံးမှာတော့
အာသာရင်းဘိုးက ဆိုဖီလီယားလို့ ခေါင်းစဉ်တပ်နိုင်တဲ့ ကဗျာမျိုးကို
ငါက ဇာခြည်မ လို့ နာမည်ပေးလိုက်မိတယ်
                                                ရွှေ ကြယ် မိုး