Saturday, March 30, 2013

ကျွန်တော်တို့အုပ်စုရဲ့ ကဗျာစာအုပ်လေး ထွက်ရှိလာပါပြီ

        လူငယ်ကဗျာဆရာ (၅)ဦး၏ ပထမဆုံး ကဗျာစာအုပ် ထွက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ကဗျာစာအုပ်၏ အမည်မှာ ဂြိုလ်ပျက်အမှတ် ၂၀၁၃ မှ အရေးပေါ် သတင်းပေးပို့ချက်ဖစ်ပါသည်။ ခေတ်ပေါ်ကဗျာအမျိုးစား များစွာအနက် မိမိသန်ရာ ကဗျာအမျိုးစားအသီးသီးဖြင့် ရေးဖွဲ့ထားသော ကဗျာများဖြစ်သဖြင့် ခေတ်ပြိုင်ကဗျာများဟု အမည်တပ်ထားသည်။ မိတ်ဆက်ကဗျာချည်းကပ်အဖြစ် ဆရာသစ္စာနီနှင့် ဆရာအောင်ရင်ငြိမ်းတို့မှ ရေးပေးထားသည်။ ကဗျာဆရာ (၅)ဦး၏ အမည်မှာ
(၁) မိုဃ်းဇက်သော်
(၂)မိငြိဏ်းခက်
(၃)ရွှေကြယ်မိုး
(၄)မြေနံ့
(၅)တယ်ရီ
               တို့ဖြစ်ကြသည်။

               စာအုပ်တန်ဖိုးမှာ ၁၅၀၀ ကျပ်ဖြစ်သည်။ တစ်ယောက်လျှင် ကဗျာ (၁၀)ပုဒ်နှုန်းဖြင့် အပုဒ်(၅၀)ဖတ်ရမည်ဖြစ်ကာ ထို ၅၀ တွင် ကဗျာရှည်များလည်း ပါဝင်သည်။

               ကျွန်တော့်၏ ကဗျာ(၁၀)ပုဒ်မှ အများစုက ထုံးစံအတိုင်း အိတ်ဇစ်အယူအဆ၊ ရုပ်ဝါဒအယူအဆများကို သွတ်သွင်းရေးဖွဲ့ထားခြင်းဖြစ်သည်။ စာအုပ်ကိုဝယ်ယူရန် အခက်အခဲရှိပါက
shwekyalmoe@gmail.com သို့ဆက်သွယ်မှာကြားနိုင်ပါသည်။
                                                                                    ရွှေကြယ်မိုး

Tuesday, March 26, 2013

ဇာခြည်ရဲ့သာမာန်အိမ်ကလေးဟာ အရင်ကလို သာမာန်အိမ်ကလေးမဟုတ်တော့ဘူး

ငါတို့လမ်းထဲ ထပ်တိုးလာတဲ့ အိမ်ကြီးအိမ်ကောင်းတစ်အိမ်
အရင်ကလို
မှောင်ရိပ်ကျနေတဲ့ အိမ်ကလေးမဟုတ်တော့ဘူး
ညိုဖျော့ဖျော့အရောင်တွေ စီစီရီရီနဲ့ ဓနိခေါင်မိုးလေးလည်း မရှိတော့ဘူး

အရင်က
သမိုင်းကို မျက်ခြေဖြတ်မခံသလို ငေးကြည့်နေရရုံတစ်ခုတည်း
အဆက်အသွယ်လုပ်ခွင့်ရတဲ့ အရေးတော်ပုံလူငယ်လေးရဲ့ အိမ်နဲ့
အသွင်အပြင်ချင်းအစပ်အဟပ်တည့်ကောင်း တည့်ခဲ့နိုင်ပေမယ့်
အခုတော့ ဇာခြည်ရဲ့ သာမာန်အိမ်ကလေးဟာ
အရင်ကလို သာမာန်အိမ်ကလေးမှ မဟုတ်တော့တာ

လူတွေ လူတွေချင်း
မကြေလည်တဲ့ အခက်အခဲတွေ ရှိခဲ့ကြတောင်
အရင်တုန်းက
‘အိမ်’သက်သက်တွေဟာ ကွာဟာမှုတွေသိပ် မရှိခဲ့တာကလား

သစ်ပင်ပန်းမာန်တွေလို အောက်စီဂျင်တွေ ရှုရှိုက်နေရရုံနဲ့
ငါတို့ အိမ်ကလေး နှစ်အိမ်
ရင်ဘတ်ချင်း စပ်ယှက်လို့ရမယ်ဆိုရင် အရမ်းကောင်းမှာပဲ

ထစ်ခနဲဆိုကျကွဲသွားမယ့် အနာဂါတ်နိုင်ငံမှာမှ
ငါတို့မက်တဲ့အိပ်မက်ဟာ နှစ်အိမ့်တစ်အိမ် မငြိမ်းချမ်းဘူး
ရှုပ်ထွေးပွေလီလွန်းတဲ့ လမ်းများထဲ ငါရယ် ဇာခြည်ရဲ့ အိမ်ကလေးရယ်
လက်ဝဲ လက်ယာတွေကွဲပြားကြ…သိစိတ်မသိစိတ်တွေ ကွဲပြားကြ
 ရှေ့ကို ဘယ်လိုပုံစံတွေနဲ့ ဆက်ကြမလဲ
သာမာန်အိမ်ကလေးမဟုတ်တော့တဲ့ ဇာခြည်ရဲ့ အိမ်ကလေးဟာ
ကချင်ကွက်ဝတ်ထားတဲ့ လူငယ်တစ်ယောက်ကို မေးငေါ့လို့နေတော့မယ်

သစ်စိမ်းပင်တွေကြားက ကျော်ဖြတ်ကြည့်ရင်
မှောင်ရိပ်ထဲမှာ ကြေးမုံတစ်ချပ်ကိုင်လို့ ဘီးဖီနေခဲ့ဖူးသူ
ခုတော့
အရင်ကလို
မှောင်ရိပ်ကျနေတဲ့ အိမ်ကလေးမဟုတ်တော့ဘူး

ခုတော့
ဇာခြည်ရဲ့ သာမာန်အိမ်ကလေးဟာ အရင်ကလို သာမာန်အိမ်ကလေးမဟုတ်တော့ဘူး
                                                                                                ရွှေ ကြယ် မိုး

Sunday, March 24, 2013

အိမ်အပြန် ညနေခင်းများ၏ ညှိနှိုင်းယုံကြည်ရခြင်းများ

တစ်လောကလုံးမှောင်အတိကျနေတဲ့
လမ်းကျဉ်းလေးထဲ ပြန်ရောက်လာတဲ့အထိ စိတ်က ဗလာဟင်းလင်း

ခန္ဓာကိုယ်ချင်း အက်ကြောင်းဆက်မရတာ ကြာပြီ
ဒီလိုဆို မပွင့်ရသေးတဲ့ ပန်းအကြောင်း ဘယ်လိုငြင်းကြမလဲ
ဟိုးတုန်းကအထိ ပုံပြင်တွေက လတ်ဆတ်နေသေးတယ်
အရောင်ဆိုးမရတော့တာကိုက အမှားဖြစ်နိုင်တာပဲ
မဖြစ်နိုင်တော့ဘူးဆိုတာ သိနေရင်လည်း ခေါင်းညိတ်လိုက်လေ

လွန်ခဲ့တဲ့ ရက်ပေါင်းတစ်သောင်းခြောက်ထောင်ကျော်က
ချေဂွေဗားရားရဲ့ တစ္ဆေဆန်ဆန်မျက်လုံးများ…စွန်းပေမှုများ
သွေးများ…လက်နက်များ…မြတ်နိုးမှုများ…
သိစိတ်မဲ့နေတဲ့ ကမ္ဘာထဲ ဘယ်တော့မှ ပြန်မရနိုင်တော့
ဆောက်တည်ရာမဲ့ အတွေးတွေ လွတ်လပ်လွန်းလှ ( ငါ )
တစ်ကိုယ်ရေခရီးဆန့်မှုဟာ အရုဏ်တက်ချိန်ကို မှီမှာမဟုတ်
တုံးမောင်းခေါက်သံကိုကြားရမှာမဟုတ်…လင်းကြက်တွေလည်းတွန်မှာမဟုတ်

ငါလွတ်ကင်းတယ်…တစ်ညလုံး မီးပိတ်ထားလိုက်စမ်းပါ
သွားပြီ...ပင်လယ်မှာမှ ပျော်မယ့် ဗေဒါလှိုင်းလေး မောပန်းလှ
ကမ္ဘာ့ဝင်ရိုးနဲ့ ရင်ချင်းရိုက်မိပြီး ဖြစ်တည်မှုတရားတွေ မာကျောသွားတာကိုး
ပြန်လှည့်လို့မရတဲ့ နာရီကို ဇောက်ထိုးပတ်ထားလိုက်တယ်
ပြန်ရောက်သွားနိုင်မလားပေါ့


ကယ်
တော့

ဘာမှ မရှိတော့တာလည်း ကြာခဲ့ပြီ
ကောက်ရိုးတစ်မျှင်တောင် မရှိတာလည်း  ကြာခဲ့ပြီ
ခြေရာတွေကလည်း ဖုန်တွေနဲ့ လွင့်စင်သွားခဲ့တာကလား

စောင့်ပေါ့
ဆည်းဆာချိန်မှန်သမျှ၊ ညနေခင်း သင်္ဘောခေါက်တွေ မှန်သမျှ
သဲထဲရေသွန်ဖြစ်မသွားဘူးလို့ ယုံကြည်ရတဲ့အခါတိုင်း…။        ။
                                                   ရွှေ ကြယ် မိုး

သေချာတယ်…ကိုယ်တို့ လိုအပ်နေတာ အချစ်မဟုတ်ဘူး

တစ်ဥတုပြီးတစ်ဥတုရှည်လျားလွန်းလှတဲ့ ကာလကြီးထဲ
ရာသီတွေမှားခဲ့ကြတယ်ဆိုရုံနဲ့ စိတ်တွေကို လွှတ်ကျောင်းလိုက်လို့
ဘယ်ဖြစ်ပါ့မလဲ…ဒဏ်ရာမဆန်တဲ့ ယုံကြည်ချက်ဆိုတာ မရှိဘူး
ကျောက်သားကျောက်စိုင်လိုမျိုး မာကြောချင်လှတဲ့ လက်တွေကို
ဖြေထုတ်ထားလိုက်ပါလား…ညည့်သန်းခေါင်ယံ…မတိတ်ချင်လဲ တိတ်ရမယ့်အခါ
မြေစမ်းခရမ်းပျိုးထားတဲ့ ငါတို့ရဲ့ သိက္ခာတွေကို သွေးတွေလို ဖောက်ချပစ်လိုက်လို့
ရနေတာပဲဥစ္စာ…ဘာကမှ ဘာမှမဟုတ်ဘူး…မြင်မြင်ရာအားလုံးရဲ့ တရားခံဟာ မျက်လုံးပဲ
စိတ်ကူးယဉ်ပြီး ယင်းသွားတဲ့ အနာမျိုးကို အဆုံးစီရင်ပစ်ခြင်းနဲ့ ကုပစ်မှရတယ်
သိမ်မွေ့ဖို့ပဲဖြစ်ဖြစ် …သူလိုကိုယ်လိုမှားနေကြတာပဲဖြစ်ဖြစ် …သိပ်မထူးဘူးမဟုတ်လား
အနှစ်သာရဆိုတာ အမြဲတမ်းအသစ်ကိုတောင့်တတယ်…ဘယ်လိုပုံစံတွေမှာပဲဖြစ်ဖြစ်
ပျော့ပျော့ပြောင်းပြောင်း ရှင်သန်ချင်ကြမှာပဲ…သေချာတယ်…ကိုယ့်ရဲ့ အဓိပ္ပါယ်ဖွင့်ချက်အရ
အချစ်ပဲဖြစ်ဖြစ် မေတ္တာပဲဖြစ်ဖြစ် လိင်ဆက်ဆံခြင်း\စီးကရက်ဖွါခြင်းလောက် အရသာရှိမှာမဟုတ်ဘူး
ခံစားမှုတွေကို ကွေ့ဝိုက်နေတာကလွဲရင် မင်းကို တခြားအရာတွေထက်စာရင် ပိုတောင့်တတာပေါ့…ဒါပေမယ့်
တစ်နေ့ပြီးတစ်နေ့ သံချေးလိုစွန်းထင်းနစ်ဝင်နေမှုတွေထဲ မင်းကငါ့ကိုချစ်လှပါချည်ရဲ့ ဆိုတော့ရော ဒီအချစ်ကို
ငါက ဘာလုပ်ရမှာလဲ…ဒီအချစ်ကို ဘယ်နေရာမှာ ထားရမှာလဲ…ငါ့ကိုယ်ငါ အတ္တကြီးလွန်းသွားတာပဲဖြစ်ဖြစ်
သေချာတာက တိုင်းပြည်အလင်းမပွင့်သလိုပဲ ဘာဆိုဘာမှ မမြင်ရတဲ့ ဘ၀တွေက အများကြီးပဲ…တကယ်တမ်း
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းမှီထားမိကျမှ ကြောက်စရာကောင်းတာတွေကို ပိုမြင်မိကြမှာ…အဲ့ဒီ့မှာ
ပြောပြောနေတဲ့ အချစ်ကို ဘယ်မှာသွားရှာမလဲ…ထပ်ပြီးသေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး
ငါတို့တွေရဲ့ တည်ရှိဖြစ်တည်နေခြင်းတွေဟာ အချစ်ဆိုတဲ့အရာထက် ကျော်လွန်ခမ်းနားတာ သေချာတယ်
မီးစဆန်တဲ့ အနမ်းကိုက မယုံကြည်ရင်မဖြစ်တဲ့သာယာမှုပဲ…လူ့အဖွဲ့အစည်းတစ်ခုလုံးကို ငြင်းဆန်ပစ်လိုက်လို့ရတယ်
လူသားဆန်ဝါဒကိုတော့ ဘယ်သူ့မှ ငြင်းဆန်လို့ရမှာမဟုတ်ဘူး…အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ငါတို့ဟာ လူဆန်တယ်
သူ၏ ငါ၏ ဆိုတာတွေထဲက သွားတိုက်ခြင်း…ခေါင်းဖီးခြင်း…လိင်ဆက်ဆံခြင်း …တွေဟာ ပြီးပြည့်စုံတဲ့ အမှန်တရားတစ်ခုပဲ
“ကိုယ်ဒဏ်ရာတွေကို မလိုချင်ဘူး…ဒါပေမယ့် မဖြစ်မနေ တစ်ခုခုကို ယုံကြည်ရမယ်ဆိုရင်တော့ ဒဏ်ရာဆိုတာ ရှိလာမှာပဲ
အများကြီးမပြောဖြစ်ကြရင်တောင် မုသားမဟုတ်တာ ပိုကောင်းတာပေါ့…ကိုယ်လုံးပေါ်မှန်ထက် မျက်စီတွေက ပိုအရေးပါတယ် ရယ်ချင်စရာဆိုလို့ ယဉ်ကျေးမှုအမွေအနှစ်ဆက်လက်ထိန်းသိမ်းရေးဆိုတဲ့စကားလုံးကလွဲလို့ ကိုယ်တို့ကြားမှာ ဘာကျန်ဦးမလဲ
စိတ်ကူးတချို့က လူ့အဖွဲ့အစည်းကို ဘောင်ခတ်ပစ်လိုက်ကြတယ်…ဘာပဲဖြစ်ဖြစ် ရင်ဖုံးအိင်္ကျီနဲ့ မင်းက ကြည့်လို့ကောင်းတယ်
ဒါပေမယ့် အခန်းတစ်ခုခုထဲ ရောက်နေကြရင်တော့ မင်းရဲ့ ရင်ဖုံးအိင်္ကျီဟာ မင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ရမှာ မလွဲပဲ”
သေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး
                                                          ရွှေ ကြယ် မိုး
                                                အိုင္ဒီၤယာ၊ ၂၀၁၃၊ ဧၿပီ

သံဆူးႀကိဳး

အတိတ်ကမိုးလို ပြိုကျလာတော့
သောက်လက်စစီးကရက်လေးကို လောကဓံထဲ
ထိုးထည့်ငြှိမ်းသတ်လိုက်ရတယ်
ပင်လယ်ဆန်တဲ့ ကောင်းကင်ပြင်ကြီးထဲ
နှင်းဆီရိုင်းတွေကလည်း လွင့်ကြွေလို့ကုန်ပြီတဲ့လေ
အလျင်စလို ကိုယ့်ကိုယ်ကို မားမားရပ်လိုက်တော့
ကျည်ဆန်တောင့်ဆိုတာ ငါတို့လွယ်အိတ်ကြိုးကို ပြတ်ကျစေတဲ့ အရာ
ခြားနားနေကြတာကို သိပေမယ့်လည်း
အဆုပ်လိုက်အဖတ်လိုက် ပွင့်အံကျဖို့ဆိုတာ
ခေတ်အဆက်ဆက် နှုတ်ဆိတ်ခဲ့ရတဲ့ဖြစ်ရပ်
ငါတို့အတွက် တံခါးတစ်ချပ်ပွင့်ခဲ့သလို
မှန်တစ်ချက်လည်း ကျကွဲခဲ့ပြန်တယ်
ခရမ်းပြာရောင်သန်းနေတဲ့ သီချင်းလေးတွေဆိုရင်း
တစ်ယောက်လက်ချောင်းတစ်ယောက်ဆုပ်နယ်ရင်း
တလွင့်လွင့် လူးလွင့်နေတဲ့ ပုံပြင်လေးကိုငေးရီ
သြော်…
တစ်နေ့တော့ ငါတို့ အပြီးသတ်ငြိမ်းချမ်းကြရမယ်
                                                ရွှေ ကြယ် မိုး
                                                ရတီမဂ္ဂဇင်း၊ ၂၀၁၃၊ ဧပြီ

Thursday, March 7, 2013

လူငယ်ကဗျာဆရာရွှေကြယ်မိုး၏ ကဗျာစာအုပ် ယခုလ 21 ရက်အမှီထွက်ရှိလာမည်

ဖြစ်တည်မှုဝါဒလူငယ်ကဗျာဆရာ ရွှေကြယ်မိုးအပါအ၀င် ခေတ်ပြိုင်လူငယ်ကဗျာဆရာ/ဆရာမများစုစုပေါင်း (၅)ဦး ပေါင်းစုပြီး ယခုလမတ်ခ်ျလ 21ရက် ကမ္ဘာ့ကဗျာနေ့ အမှီ ကဗျာစာအုပ်ထွက်ရှိလာမည်ဖြစ်သည်။ စာအုပ်၏ အမည်မှာ ဂြိုလ်ပျက်အမှတ် ၂၀၁၃ မှ အရေးပေါ်သတင်းပေးပို့ချက် ဖြစ်ပြီး ဆရာသစ္စာနီ၏ မိတ်ဆက်အမှာစာနှင့် ဆရာအောင်ရင်ငြိမ်း၏ ကဗျာဆရာများကို တစ်ယောက်ချင်းချည်းကပ်အရေးအသား အမှာစာပါရှိသည်။ ထိုစာအုပ်ဖြစ်မြောက်ရန်အတွက် မိငြိဏ်းခက်၊ ကိုသျှားတို့မှ တဆင့်ခံကူညီခဲ့ပြီး ငွေစိုက် ထုတ်ပေးသူမှာ မလေးရှားမှ ကိုညီလင်းနိုင် ဖြစ်သည်။ တစ်ယောက်လျှင် ကဗျာ (၁၀)ပုဒ်စီ ပါဝင်ရာ စုစုပေါင်း အပုဒ်(၅၀)ဖတ်ရှုရမည်ဖြစ်သည်။

Friday, March 1, 2013

ငါ့မှာသစ္စာရှိတယ် ဘယ်လောက်ပေးမလဲ ရောင်းမယ်

လူတွေဟာ ပြေးမလွတ်တော့ဘူး
ဖြတ်ခနဲဝင်လာတဲ့ တရား…နောက်ကြောင်းတွေမှာ နောက်ကျောဓါးတွေ
ပညာအရေအချင်းဘာသာတရား အားလုံးဟာ  အတ္တရဲ့ အောက်မှာ ပြားဝပ်
ရုန်းကန်ရင်ဆိုင်ရသမျှက လူ့စည်းဝိုင်းထဲမှာပဲ..ကြောက်စရာတွေကသေသပ်စွာနဲ့
ငယ်ငယ်က ဖြူစင်မှုတွေကိုချစ်ခဲ့သမျှ ခုတော့ ကြားခံအရောင်ချယ်ဖို့ အသုံးဝင်လာ
တောတွေကို မရှင်းနိုင်တော့ဘူး…စိတ်ဓါတ်တွေကိုယ်စီမှာ ထိုးနှက်မှုတွေပါဝင်
ညပဲရောက်ရောက် နေ့ပဲရောက်ရောက် ဘယ်တော့မှ မဟောင်းနိုင်တဲ့အချိန်တွေ
ထိလိုက်တာလား…သိလိုက်တာလား…အတိတ်ဆိုတာမရှိတော့ဘူး…လူသားနာကျင်မှု
အားစိုက်ပြီးတော့ ပြေးလိုက်တာပဲ…ငါတို့တွေ…အချိန်စက်သီး…လွှမ်းမိုးမှုဝါဒများ
ဘယ်နေရာကိုကြည့်ကြည့် ၀ါးမျိုနေကြပြီ…ဘာသာတရားနဲ့ လူ့အဖွဲ့စည်း ကင်းကင်းလာ
အားစိုက်ထားတဲ့လက်တစ်ဖက်ဟာ နာကျင်ခြင်းပဲ…ယုံကြည်ချက်…ပိတ်ဆို့နှောင်ဖွဲ့မှု
မေတ္တာသည်သာအေးငြိမ်းရာတဲ့… လူလူချင်း ပဌာန်းတွေ အပြန်အလှန်ရွတ်ကြ
နောက်ဆုံးထွက်ပေါက်ဟာေ၀၀ါး… လမ်းကြောင်းတွေ မီးခိုးလို ဟစ်အူကြ
အခုရှိနေတာက ပြင်မရတဲ့ သမိုင်း…လူ့ရဲ့အသိညာဏ်တွေ ချောင်ပိတ်…
နာရီထဲငုံ့ကြည့် … ကိုယ်ချင်းစာတရား…ရေတွင်းပျက်ထဲကက ရေဟာ အားဆေးတစ်ခု
ဗိုက်အရမ်းဆာတဲ့အသိ…ဒုန်းဆိုင်းနှင်နေတဲ့ ကမ္ဘာ…ကပ်ဆိုးတွေက ရေမဆေးပဲ စားလို့ရ
ဒီလောကကို တည့်တည့်ရင်ဆိုင်ကြည့်လိုက်ရင် သစ္စာကြီးလေးပါးကို ရောင်းဝယ်လို့နေ
ကြော်ငြာထဲက နတ်သမီးက သိန်းနဲ့ချီရတယ်…လိမ်လည်မှုဟာ ၀မ်းဝစေ…
တိုးတက်လာတာလား…အော်ဟစ်နေတာတောင် ဘယ်သူမှ လှည့်မကြည့်ကြဘူး…
ငါ့ တစ်သက်တာအတွေ့ကြုံမှာ လူလူချင်းကြောက်လို့ ပရိတ်ရွတ်နေတာသာ ရှိတယ်…
ခေတ်ပေါ်မေတ္တာတစ်ခုဟာ တစ်ည ခုနှစ်ထောင်ကနေ တစ်သောင်းခွဲအထိဈေးပေါက်တယ်…
မိတ်ကပ်တွေနဲ့ ရယ်သံက အကယ်ဒမီရ… တရားဆိုတာ ချပြလို့မရတော့…ရိုးအီလာ
သွတ်သွင်းထားတဲ့ အစာသွတ်ဘူးထဲက မှိုများ…ဖောက်ချထားတဲ့ရင်ဘတ်ဟောင်းလောင်း…
ဘယ်ဘုရားမှ မဟောခဲ့တဲ့ တရားမှာ ငါတို့ခေတ်ကြီးပါမယ်…ပိုက်ဆံရှိတဲ့ လူတွေ ရှေ့တက်ခဲ့
ရိုးရိုးလေးတွေးကြည့်လိုက်ရင် တစ်လက်မတောင် နေစရာမရှိတော့ဘူး … တိုးတက်လှပေါ့ ခေတ်
ကြောက်လိုက်တာ…အိပ်ရင်းအိပ်ရင်း သေရတာ ပျော်လာတယ်…မနက်ဖြန်…မယုံဘူး…မရှိဘူး
လူတစ်ကိုယ်စာ အချစ်တစ်ခု…မြင်မြင်ရာနာကျင်မှုတွေမှာ စွဲလန်းမှုတွေ တရိပ်ရိပ်တိုး
ခေတ်ကြီးကိုက သံချေးတက်တက်သွား…မိုးမျှော်တိုက်တွေကြား ပိပြားနေ…သင်ခန်းစာများ
ရုပ်ရှင်ကားထဲက မှော်ဆရာကြီး အနိုင်ရသွားတယ်…ငါတို့ လှုပ်လို့မရတော့…
မျက်ကွယ်ရာ ဖုန်းဆိုးပဲ… မယုံရင်လာခဲ့…အကြောက်တရားတွေ ၀ှက်ထားတယ်
ငါ့ကို လွှတ်ပေးပါ… လူတွေ…လူတွေ…လူတွေ… လိုက်ရှာမိသမျှက မလှပတဲ့ ရုပ်ကြွင်း
ငါလဲလူလိုသူလို အချစ်တွေနဲ့…ခေါင်းစဉ်တွေကွဲလာ…တူရာတူရာတွေေ၀၀ါး
အရမ်းချစ်ပါတယ်… ငါ သိပ်ကြောက်နေပြီ…ချစ်တာနဲ့ သစ္စာ ညှိလို့ရတော့မယ် မထင်နဲ့
လူတွေကြားထဲ ငါလည်းပြေးမလွတ်တော့မယ်အတူ သစ္စာတရားကို ချရောင်းလိုက်တော့မယ်။       ။
                                                                                                            ရွှေ ကြယ် မိုး
                                                                                                        Faces မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ
                                                                                                         ၂၀၁၃

ဂင်္ဂါရဲ့ ချစ်သူ ပြည့်တန်ဆာနွံနစ် သတ်ကွင်းထဲကကောင်မလေး မိဧရာဝတီ

နင် တည်ရှိနေပုံကိုက စိတ္တဇတွေအပြည့်
နင့်ရဲ့ နှောင်ဖွဲ့မှုမှာ မမြဲခြင်းတရားတွေက စိမ်းဖြာလို့


နေရပ်တွေ ဘယ်လိုဝေးဝေး အကိုင်းအခက်ချင်းဆက်ထားတဲ့
ငါ့နှလုံးသားရဲ့ စိတ်ကြိုးတွေမှာ နင့် သတင်းတွေက မြေနိမ့်ရာလှံစိုက်…
မြူခိုးတွေလည်းဝေ…စံပယ်တွေလည်းကြွေပြီပေါ့ မိဧရာဝတီရယ်
အဲ့ဒီ့မြန်မာပြည်တနံတလျားရဲ့ စပါးကျီတစ်ခုလုံးကို
ခေတ်အဆက်ဆက်နင့်ရယ်သံ ခိုးခိုးခစ်ခစ်လေးတွေက ဖန်တီးပေးခဲ့တာ
ခုတော့…အဲ့ဒီ့ မြန်မာပြည်ကြီးကောင်းစားဖို့နင့်ကို ဆင်သတ်အရပ်ဝေတော့မတဲ့လေ
လူတွေက ဘာသာရေးတွေပိုလုပ်လာလေလေ ပိုပြီးခွေးဇာတ်ခင်းလာလေလေပဲ မိဧရာဝတီ
သူတို့လူတွေ ကိုးကွယ်ကြတဲ့ ဘာသာတရားမှန်သမျှဟာ တို့မြစ်တွေလောက် မဖြောင့်တန်းပါဘူး
မိဧရာဝတီ…
နင်ဟာ ဘုရင့်နောင်ရဲ့ ဖောင်ဖျက်တိုက်ပွဲကြားမှာ လှပကျော့ရှင်းခဲ့တယ်
နယ်ချဲ့တွေရဲ့ မီးသင်္ဘောလှလှကြီးတွေကြားမှာ ပွဲလယ်တင့်ဂုဏ်ဝင့်ခဲ့တယ်
ရှည်လျားတဲ့ ခေတ်ရိုင်းအစဉ်ဆက်တွေကြားမှာ သမိုင်းကိုလှပစွာရေးခဲ့တယ်
ဒါပေမယ့် အခုတော့ နူကလီးယားဓါတ်ပေါင်းဖို တစ်လုံးစာတန်တဲ့
နင့်သိက္ခာတွေ နင့်ကိုယ်ကျင့်တရားတွေကို နိုင်ငံကျော်ဈေးကွက်ကြီးထဲ ပို့လိုက်ကြပေါ့
ငွေသံကြေးသံတချွှင်ချွှင်နဲ့ ၀ိမလကောင်တွေရဲ့ နမ်းရှုံ့မှုမှာ နင်ဟာ လူးလွန့်ငိုချင်းချ
နင့်ရဲ့ ရင်သားတွေကလည်း ရှုံမွတွန့်ကြေကုန်ပြီပေါ့…မငိုနဲ့ မိဧရာဝတီ…မငိုနဲ့
နင်ငိုရင် သူတို့က ပိုတောင်ပျော်ကြဦးမှာ… ပို…တောင်…ပျော်…ကြ…ဦး…မှာ
နင့်ကို ကာကွယ်ပေးမယ့်လူတွေ ရှိနေကြပေမယ့် နင်က အရင်လို မရှင်သန်နိုင်တော့ဘူး
ဟော…မိဧရာဝတီ နင့်ဆီလာတဲ့ လမ်းတလျှောက်က ကျဉ်းသထက် ကျဉ်းလာနေပြီ
နောင်ဆို ငါလာလို့ရတော့မယ် မထင်ဘူး…ငါသွားတော့မယ် …ငါ သွားရတော့မယ်
ကျန်းမာရေးကို ဂရုစိုက်ပါ…အချိန်မှန်မှန် ခရီးနှင်ပါ…နှုတ်ဆက်ခဲ့ပါတယ် မိဧရာဝတီရယ်
နင့်ကိုချစ်တဲ့သူတွေအားလုံး နင့်အသက်နဲ့အရှက်ကို ကာကွယ်ပေးနိုင်ကြပါစေ…။ ။
                                                                                                             ရွှေ ကြယ် မိုး
                                                                                               မာယာမဂ္ဂဇင်း၊ မတ်ခ်ျလ၊ ၂၀၁၃

အဲ့ဒီ့အလင်းတွေဘယ်မလဲဖြူဖြူ

အဲ့ဒီ့အလင်းတွေဘယ်မလဲ ဖြူဖြူ
တောင်စွယ်ကလမင်းယွန်းလို့သွားပြီ
ဆို့နင့်ကြေရှနေတဲ့ရင်ဘတ်ကို
ဘယ်လိုဘယ်ပုံအလင်းတွေနဲ့
ဘယ်လိုဘယ်ပုံဖြေသိမ့်ပေးရတော့မလဲ
ပြောခဲ့ပါ…..ဖြူဖြူ…ဖြစ်နိုင်ရင်
ပြောပြခဲ့ပါ….

လက်တွေတွဲထားခဲ့ပါလျက်နဲ့
အဲ့ဒီ့ညနေမှာငါတို့အပြီးတိုင်ဝေးခဲ့ကြတယ်
ရီဝေစူးရှတဲ့…ရနံ့တစ်စုံ
မစားဖြစ်ခဲ့ကြတဲ့…ပီကေတောင့်များ
ဓါတုဆိုးဆေးမပါသော…ဆံနွယ်စများ
ကဗျာဆန်ဆန်…အပြုံးဝိုင်ချိုများ
ခုတော့…အပြီးတိုင်ဝေးခဲ့ကြပါပြီ

ကျက်သရေအလင်းတွေ ဆောင်လာသူဟာ…နင်
ဘယ်စစ်ပွဲကိုမဆို မုန်းတီးခဲ့သူဟာ…နင်
စိမ်းနုရောင်၊ ပန်းနုရောင်တွေကိုကြိုက်ခဲ့သူဟာ…နင်
ခုတော့…..
ကားနှစ်စီးကြောင့် မြေဇာပင်ဖြစ်ခဲ့ရသူဟာ…နင်
ဘယ်ကြမ္မာဆိုးတွေကများ ငါတို့ကိုအလစ်ဝင်စီးခဲ့ကြပါလိမ့်

ငါချစ်တဲ့ဖြူဖြူ အုတ်ဂူပြာလေးထဲမှာ
ကြယ်လေးတွေ မှိတ်တုတ် မှိတ်တုတ်နဲ့
အိပ်စက်နေရော့ပြီ…
ပြန်ပါဦးမယ်…..
ပြန်ပါဦးမယ်…..
ခြေထောက်တို့မြေပြင်နှင့်မထိကြ
ကောင်းကင်ဟာငါ့အောက်မှာများလား…?
တိမ်တွေဟာငါ့အနောက်မှာများလား….?

ပန်းနုရောင်လွယ်အိတ်တစ်လုံးနဲ့
အနက်ရောင်လွယ်အိတ်တစ်လုံးတို့
ညင်သာစွာထိတွေ့ပြန်ခဲ့ရတဲ့ အိမ်ပြန်လမ်းတွေ
ကြွေလင့်လို့သွားခဲ့ပြီ…
အဲ့နောက်တော့…
နိုဝင်ဘာ 11 ရက်နေ့တိုင်း လူတစ်ယောက်
နင့်ဘေးမှာ ကဗျာတွေ လာရွတ်နေလိမ့်မယ်

အခုတော့…ဖြူဖြူရေ
ငါဟာ ဖျော့တော့တော့ ပေပေတေတေ
ကဗျာဆရာတစ်ယောက် ဖြစ်လို့နေပြီကွဲ့
နင်ရှိတုန်းက လင်းချင်းခဲ့တဲ့ ကဗျာဆရာ
ခုတော့…မကြားမှန်းသိလျက်နဲ့မေးမိနေတယ်
အဲ့ဒီ့အလင်းတွေဘယ်မလဲ ဖြူဖြူ
                                           ရွှေကြယ်မိုး
                              ရတီမဂ္ဂဇင်း၊ မတ်ခ်ျလ၊ ၂၀၁၃

နေ

တစ်ခုပဲရှိတယ်…
တစ်ခုတည်းနဲ့ လောင်မြိုက်တယ်

ဘယ်သူ့ ကိုမှအဖော်မခေါ်ဘူး
ဘယ်သူ့ မှလည်းရှိမနေပေးကြဘူး
ငါ့ဘေးမှာ မီးညွန့် မီးလျှံတွေကသာ
သစ္စာအရှိဆုံးရဲဖော်ရဲဖက်တွေ

နောက်လှည့်ကြည့်လည်းအပိုပါပဲ
ဒါပေမယ့်…
သိသိကြီးနဲ့ နောက်လှည့်ကြည့်တယ်
‘လမင်း’လေးများ ပါလာမလားလို့ 
                                              ရွှေကြယ်မိုး
                                  ရတီမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၂

မိုး

မျက်နှာမှာ သုတ်ပစ်လို့မရအောင်
စိုစွတ်တယ်…
ပါးပြင်မှာ ချောင်းပေါက်မတတ်
နင်းလျှောက်တယ်

တစ်ခါခါတော့
ယုံစားရလောက်အောင်ကို
ငြိမ်သက်နေတော့တာပေါ့…
ဘယ်လောက်ပဲ လိမ္မာနေပါတယ်ပြောပြော
မိုးကြိုးခတ်သံတွေလာလိမ့်မယ်…
သိပါတယ်…ကွယ်

ကြည့်နေလိုက်ပါ…
တိမ်တွေက မှိုင်းနေတာလေ
လေတွေနဲ့ အတူရိုင်းကြဖို့ထင်ပ…
သြော်…လမ်းနဲ့မဆန့်တော့တဲ့ ငါတို့
ခြေထောက်တွေ မိုးခိုကြဖို့ ပြင်ကြစို့ကွယ်

                                                     ရွှေကြယ်မိုး

                                                     အိုးဝေမဂ္ဂဇင်း
                                                      ၂၀၁၂-ဧပရယ်လထုတ်

ကြယ်ပျိုးသူ


ခမ်းနားပါတယ်
တစ်ဘ၀လုံးစာ ကဲ့ယူခဲ့ရတဲ့
နောင်တက ဆယ်သက်စားမကုန်အောင်
ကြမ်းတမ်းပါတယ်
နေ၀င်မိုးချုပ် အချောသတ်ခဲ့ရတဲ့
ယမင်းရုပ်က ကကြိုးတွေ ပျောက်သွားလောက်အောင်

သိပ်မှားသွားတယ် ထင်ရပါရဲ့ကွယ်
မီးတွေမှောင်လိုက်တာညတွေနက်လိုက်တာ
ဒီလိုနဲ့စုံးစုံးမြုပ်သွားကြတာပါကွယ်

ကြယ်လေးတွေက ပေါ်လာလိုက်
ရောင်နီမလာခင် ကြွေသွားလိုက်နဲ့
တို့တွေရဲ့ရင်ဘတ်ထဲက လမ်းပြကြယ်လေးကို
ဒီအတိုင်းပဲထားလိုက်ကြစို့ရဲ့

အိပ်မက်ရှင်လေးရေ
အိပ်မက်တွေကို မက်ပါ
အိပ်မက်တွေနောက် လျှောက်မလိုက်ပါနဲ့
ငါ့ကိုအိပ်မက်တွေ ပေးပါ
ငါနိုးထတဲ့အခါ ပြန်သွားပါ
အိပ်မက်ရှင်လေးရေ
                             ရွှေကြယ်မိုး
                (23/2/2012-8:34 PM)
                 ပြုံးစရာမဂ္ဂဇင်း၊ မတ်ခ်ျလ
                 ၂၀၁၃

ဝေး


ကျန်ရစ်သူတစ်ယောက်ထံ
ပေးခဲ့ဖူးတဲ့ ကဗျာစာအုပ်လေး
ငါ၏ ကိုယ်စားနွေးထွေးနေပါစေ…
         
ငါက အဝေးပြေးကားကြီးပေါ်အတက်
မင်းက ဘုရားကြီးပေါ်ကအဆင်း
တစ်ယောက်နဲ့ တစ်ယောက်လက်ပြရုံသာ
သြော်…မီးလိုတွန့်နေသော ခရီးများ
မကုန်ခမ်းနိုင်သေးသရွေ့…

အချစ်ရေ…နွဲ့နှောင်းတဲ့ တောင်တန်းကြီးတွေနဲ့…ဝေး
ဆန်းပျတဲ့ တောတန်းကြီးတွေနဲ့…ဝေး
ခုတလောမက်တဲ့ အိပ်မက်တွေ အရမ်းကြမ်းတာပဲ
ဖြူလွလွတောပန်းလေးတွေ မင်းအတွက် ခူးဆွတ်ခဲ့ပေးပုံ…

ဆုတောင်းသံတွေ ဆွတ်ပျံ့ကြည်နူးခဲ့စေသား
ကျေးတောမြို့လေးရဲ့ ခေါင်းလောင်းသံတွေ ချိုစေ…မွှေးစေ
သြော်…နည်းပညာခေတ်ကြီးထဲ ငါတို့ကြားမှာ
ဖုန်းနံပါတ်တစ်ခုမှ မရှိတာကိုက ဆိုးလိုက်တဲ့ကံ

ငါ့ရဲ့ ကျေးတောမလေး…ရေ
ခုတော့
ငါ့မှတ်စုပေါ်က မင်းလက်ရေး
ရေစိုနွမ်းရိခဲ့ပြီပေါ့ ။      
                          ရွှေ ကြယ် မိုး
                          ပြုံးစရာမဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ
                          ၂၀၁၃

နိုင်ငံတော်



ငါတို့ဟာ
မှတ်ကျောက်တင်ခံနိုင်တဲ့
သစ္စာတရားတွေသာဖြစ်သင့်တယ်

ဘင်္ဂလားဒေ့ရှ်က
ဝယ်မှဝယ်ပါ့မလားဆိုပြီး
မျှော်လင့်နာကျင်နေရတဲ့ မျက်လုံးတွေ
မဖြစ်သင့်ဘူး။       
                             ရွှေ ကြယ် မိုး