Wednesday, October 31, 2012

အလင်းမျှော်သူ

တောက်ပတယ်ဆို
တောက်ပနေခဲ့ပါတယ်ဆို
ငါ့နှယ်
မီးလိုကျွမ်းသွားပြီးမှ မှားသွားမှန်း သိရသတဲ့

လူတစ်ယောက်ဟာ ရေလည်းဖြစ်တယ် မီးလည်းဖြစ်တယ်
ဒါနဲ့များ အနာဂါတ်တွေကို ပုံဖော်ထုဆစ်နေခဲ့ရသလား

စောင့်ကြည့်တယ်
သေချာကြည့်တယ်
လှည့်ကြည့်တယ်
ပတ်ကြည့်တယ်
ဘာမှမတွေ့ဘူး
သြော်…ငါ့ဘဝ

စိတ်ကို စိတ်နဲ့ဖြေကြည့်တယ်
စိတ်ကို စိတ်က အာသာမပြေဘူး
ထစ်ခနဲရှိ နရံကို ထိုးမယ်ဆိုတာချည်းပဲ
စားပွဲတင် နာရီတစ်လုံး ပေါက်ခွဲခဲ့ပြီးပြီ
လက်ပတ်နာရီတစ်လုံး လွှင့်ပစ်ခဲ့ပြီးပြီ
အဆုံးမှာတော့
ဘ၀ကို ဆီးနှင်းလို ဝေခဲ့တယ်
နွေလို တံလျှပ်ထခဲ့တယ် …မိုးလိုရွာခဲ့တယ်

ကိုယ်ဟာ အလင်းမျှော်သူဖြစ်တယ်…
ဝင်္ကပါတောက ထွက်လာမယ့် မီးအိမ်တစ်လက်ကို မျှော်လို့
ယုံကြည်ပါတယ် ၀တ်မှုန်ကူးပေးမယ့် အလင်းရှင်ဟာ မကြာခင်မှာ
လဲ့ဖြာဆင်းလာမှာပဲ…
ကိုယ်…ဟာ…အလင်း…မျှော်…သူ…ဖြစ်…တယ်။            
                                    ရွှေ ကြယ် မိုး

Monday, October 29, 2012

ပိန်းပိတ်အောင် မမှောင်ခင်လေး ဆည်းဆာအလှ ဖြာဝေ

ငါမသိလိုက်ရတဲ့ လက်တွေကပဲ
ငါမမေ့နိုင်တော့မယ့် နေရာတွေဆီ လမ်းပြခဲ့တာပါ
ခုမှတော့ မထူးတော့ဘူး…အဆုံးစွန်ခဲ့ကြပြီ
ပေခံကြစို့…အဲ့ဒီ့မှာ မကိုက်ရသေးတဲ့ ပန်းသီးပဲ့ တစ်လုံး
ဘယ်နာရီကမှ မပြရသေးတဲ့ အချိန်တစ်နေရာ… ပင်လယ်တစ်ကောင်
အတောင်တစ်ဖက်နဲ့ ကူးဖြတ်မယ့် မြစ်တွေရှိတယ်

ဝတ်လစ်စလစ် စိတ်ဓါတ်တွေ တွဲလဲခိုလို့
တောင်ပေါ်မြို့နဲ့ တူတဲ့ မြို့တစ်မြို့ ရင်ထဲမှာ တည်ခဲ့ဖူး…
အဲ့ဒီ့မြို့မှာ စက်ရုပ်လို ကွန်ဂရက်ကျူလေးရှင်းတွေနဲ့
ဘုရားရှိခိုးရတာကို မျက်မုန်းကျိုးခဲ့ပြီ
တော်ကြပါတော့လို့ မိုးမွှန်အောင် အော်ဟစ်ခဲ့ပြီ
သူလိုကိုယ်လို မျက်နှာထားနဲ့ ဆန့်ကျင်ဘက်ရောက်ခဲ့ပြီ
နွေမိုးဆောင်းလို ဥတုသုံးရာသီပုံစံမျိုးနဲ့ ကွန်မြူနစ်ဆန်ခဲ့ပြီ

လူတစ်ယောက်လို အခါခါ မီးဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့်
ဆက်ထုံးတွေ တသီတတန်းကြီး အမျှင်တန်းတဲ့ လမ်းပေါ်မှာ
နားခိုးရာ ဘယ်မလဲ…ဆောက်တည်ရာ ဘယ်မလဲဆိုတာကိုပဲ တွေးခဲ့ရတယ်
တစ်ခါတုန်းက မိန်းမတစ်ယောက်က ငါဟာ နင့်ကိုဖေးမပေးမှာပေါ့တဲ့
(ရယ်ရတယ်…နိုင်ငံရေးလုပ်လို့ အဖမ်းခံရကိန်းလဲ နီးရော အဲ့ဒီ့မိန်းမလဲ
ပျောက်သွားရောပဲ)…ကြာပါပြီ…ခုထက်ထိ ငါ့မှာ ဘာမှမရှိတော့တာကလွဲရင်
တစ်ကိုယ်တော်တရားတွေ လှိုင်းထန်နေတုန်းပဲ

သင်လည်း ဒီလိုပဲ ဖြစ်နေမယ်ဆိုရင် တစ်ခါက
 နံရံတွေကို ပုတ်ရင်း သံတိုင်တွေကို ခေါက်ရင်း ဆိုခဲ့ကြတဲ့သီချင်း
အတူတကွ အော်ဆိုကြပါစို့
ပန်းခရမ်းပြာ xxx  ဗေဒါလေး ကမ်းစပ်နားမှာ ငြိတွယ် xxx
လမ်းတံတားဖြူ နေရာလေး xxx တေးသံလွှမ်းစေကွယ် xxx
Xxx ငြိမ်းအေးရာ ဖွေရှာရင်း xxx မိန်းမော ငေးကာကြည့်နေ xxx
ပိန်းပိတ်အောင် xxxxx မမှောင်ခင်လေး ဆည်းဆာအလှ xxx ဖြာဝေ
                                                                               ရွှေ ကြယ် မိုး

Friday, October 26, 2012

ဘာမှမရှိတဲ့ငါ့ကို မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက်လာလာညှို့နေကြ


ပန်းမရှိပဲ ပွင့်ပွင့်ပြနေရတဲ့ လူ
ရနံ့ချိုလဲ့တွေ တပုံတပင်နဲ့ ၀မ်းဗိုက်ဖြည့်
မြင်မြင်သမျှကို မွတ်သိပ်ဆာလောင်
အရှက်ဓါးနဲ့ ကိုယ့်ကိုကိုယ် ပြန်သတ်ခဲ့ရတာတွေလည်း
မနည်းတော့ဘူး

လောကဓံပြင်ကျယ်ကြီးထဲ ၀ါသနာ စက္ကူလှေလေးတွေ ရွက်လွှင့်
ကြယ်ကြွေတွေလိုက်ဆယ်ရင်း မှောင်ခဲ့ဘူးတယ်

မြက်တစ်ပင်ကို ဆုပ်ရင်း ရေနစ်ခဲ့တယ်
ဟင်းလင်းပြင်ကြီးထဲမှာ ငါတစ်ယောက်တည်းလား
ဘာပဲဖြစ်ဖြစ် ဓါးဝံ့ခဲ့တယ်
ခင်ဝမ်းရဲ့ ပန်းခရမ်းပြာဗေဒါလှိုင်းကို
အကျယ်ကြီးအော်ဆိုတယ်
မိုးမှောင်ညဆိုတာကို သိခဲ့တယ်
ခိုက်ခိုက်တုန်အောင်ကို ငိုခဲ့တယ်

တောင့်တတဲ့အဆင်းက ခုချိန်ထိ
အလင်းမလုပ်နိုင်သေးဘူး
စီးကရက်တစ်လိပ်တောင် မသောက်နိုင်တဲ့ လူအတွက်
ဝမ်းဗိုက်ဆိုတာ မီးတောင်တစ်ခုအလားပဲ
တစ်ခဏတာလေးတွေကိုလည်း ဘ၀ဆုံးလောက်အောင်
တွေးလုံးထုတ်ခဲ့တယ်

ဘာဆိုဘာမှ မရှိတဲ့လူပါ
အဲ့ဒီ့ဘာဆိုဘာမှ မရှိတဲ့လူကို
မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက် လာလာညှို့နေကြ
ငါဟာ ကဗျာဆရာ…အကြည့်တွေကို မရှောင်နိုင်ဘူး
ချိုတဲ့နှုတ်ခမ်းမှာ နစ်မွန်းတယ် စူးတဲ့အကြည့်မှာ ပွန်းပဲ့တယ်
ထမင်းအရမ်းဆာနေတဲ့ အခါတွေလိုမျိုး
သူတို့ရယ်သံတွေက ငါ့ကို ရှက်ရွံ့တုန်ခါစေတယ်


ကြွေတဲ့ ကမ်းကိုလည်း နမ်းခဲ့တယ်
ခြွေတဲ့ လမ်းကိုလည်း လှမ်းခဲ့တယ်
ကပ်လွဲခဲ့တယ်…တေ့လွဲခဲ့တယ်
သေကွဲကွဲတယ်…ရှင်ကွဲကွဲတယ်
ခါးသက်ခဲ့တယ်…ချိုမြခဲ့တယ်
မြိုချခဲ့တယ်…ထွေးထုတ်ခဲ့တယ်

ဘာဆိုဘာမှ မကျန်ဘူး
မိသားစုအရိပ်က ငါ့အတွက် ခါးတယ်
အဲ့ဒီ့ဘာဆိုဘာမှ မရှိတဲ့ငါ့ကို
မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက်
လာ-လာညှို့နေကြ…။                    
                            ရွှေ ကြယ် မိုး

Thursday, October 25, 2012

ကဗျာဆရာ


ငါဟာ ဒဏ်ရာရခဲ့ပြီးသား ငှက်တစ်ကောင်
အဲ့တာထက် ဘာမှမပိုပါဘူး
တောင်ပံတွေဖြန့်ရင်း ရယ်ချင်တဲ့အခါလည်း ရယ်မယ်
ကောက်ရိုးရိပ်မြုံလေးထဲ ငိုချင်တဲ့အခါလည်း ငိုမယ်
ကဗျာဆရာပေပဲ
ရှိုက်နင့်ခြင်းကို မမှု
လောကဓံကို မမှု
သခါရမီးတောက်တွေကြားမှာ
တိတ်တဆိတ် စစ်ခင်းနေခဲ့ပေါ့
ကဗျာဆရာ။    
                   ရွှေ ကြယ် မိုး

Monday, October 22, 2012

ပြည်လမ်းမပေါ်မှာ ရွတ်ဖို့ရေးထားတဲ့ ကဗျာ

နုမလိုလိုနဲ့ ကြမ်းခဲ့
လင်းမလိုလိုနဲ့ မှောင်ခဲ့
မောဟ၀တ်ရုံသစ်ကို ၀တ်ဆင်
မနက်ဖြန်ပဲ နှောင်ကြိုးတွေ ဖြည်ပေးတော့မလိုလို
မဟောင်းပေမယ့် အသစ်လဲ မဖြစ်တဲ့စကားတွေ

ရာသီတွေမပြောင်းဘူး
အတွေ့အကြုံတွေ မကောင်းဘူး
ပြီးတော့ ဒဏ်ရာဆိုတာ မဟောင်းဘူး
တိတ်တိတ်လေးဆိုပေမယ့်
စက္ကန့်တံ တစ်ချက်ချက်တိုင်း
တမြေ့မြေ့နဲ့ လောင်ကျွမ်းနေတဲ့အခါ

ဖြေစရာတရားတွေ အရာမထင်ဘူး
မသိချင်ယောင်ဆောင်ထားကြတယ်
ဘာမဆို အကောင်းဘက်ကချည်း မတွေးနဲ့
လင်းရှင်းတဲ့ အတွေးမှာ အဆိုးရော အကောင်းရော
ထည့်ထားဖို့လိုတယ်

ဒီမှာ မေးခွန်းတွေက ခက်ရဲ့
Who is really killed Aung San?  တဲ့
အဲ့ဒီ့အတွက် အဖြေငါမသိဘူး
မြန်မာပြည်ဒုတိယလုပ်ကြံမှုကြီးကို
တရားခံရော၊ သက်သေရောရှိနေလျက်နဲ့
တရားရုံးမပို့နိုင်တာ ဘာကြောင့်လဲ တဲ့
အဲ့ဒီ့အတွက် ငါမဖြေနိုင်ပြန်ဘူး
ဗုံသံတွေမှာ က ခဲ့ကြတယ်
ဗုံသံတွေမှာ ငို ခဲ့ကြတယ်
ဗုံသံတွေမှာ လဲ ခဲ့ကြတယ်

ငါလဲ ဗုဒ္ဓဘာသာပဲ
အရာရာကို တရားနဲ့ဖြေလို့ မရမှန်း
ငါသိတာပေါ့
ယန်ပေါဆတ်ပြောတဲ့စကားနဲ့ ပြောရရင်
စစ်ထဲလိုက်ရမလား မိဘလုပ်ကျွေးရမလားဆိုပြီး
ဗျာများနေတဲ့ လူငယ်ကို ဖြေသိမ့်စရာတရား
ဘယ်ဘာသာရေးမှာမှ မရှိပါဘူး

ဆုလာဘ်ကို ကြည့်နေရရုံနဲ့
ကြိုးစားခဲ့ရသမျှကို မေ့လိုက်ရမယ်ဆို
သဘာဝက တရားပါတော့မလား
တချို့ကခက်တယ်
အင်းလျားတေးသံကို မေ့ခဲ့တယ်
ဆလိုင်းတင်မောင်ဦးကို မေ့ခဲ့တယ်
ဒီပဲယင်းမြို့ကို မေ့ခဲ့တယ်

မေ့ခဲ့ကြတယ်
ချစ်ခဲ့ရဖူးသူက မေ့ပစ်လိုက်သလိုမျိုး
မမေ့နိုင်ပေမယ့် မေ့ခဲ့ကြတယ်
မေ့ချင်ယောင်ဆောင်ခဲ့ကြတယ်

တက္ကသိုလ်ဘုန်းနိုင်ရဲ့
မိုးညအိပ်မက်မြူ ကိုသတိရတယ်
မိုးသည်းတဲ့ညတွေတိုင်း ဘ၀တွေပြောင်းခဲ့သူ
မိုးသည်းတဲ့ညတွေတိုင်း အတိတ်တွေထဲက ထွက်ပြေးသူ
မောင်မြင့်ဝေခေါ် ၊ ကိုသစ္စာခေါ် ၊ မောင်ညိုမှိုင်းခေါ်
ရုပ်ရှင်မင်းသား နေတိုးကို မျက်ရည်တွေကြားထဲက ချစ်မိတယ်

ငါတို့ကျတော့
ဒီလိုရှောင်ပြေးလို့ မဖြစ်ဘူးလေ
ငါတို့ဟာ အဖွဲ့စည်းအသွင်ကို ဆောင်တယ်
ငါတို့ဟာ နိုင်ငံရေး အသွင်ကိုဆောင်တယ်
ငါတို့ဟာ တရားရေး အသွင်ကို ဆောင်တယ်
ဘာကမှ ငါတို့ကို မဖြေသိမ့်နိုင်ခဲ့ဘူး
လျှော့ကြိုးတစ်ချို့မှာ အခု ငါတို့
လှုပ်ရှားနေကြတယ်

အဆုံးသတ်တိုက်ပွဲတဲ့
ဘယ်သူတွေကျန်ခဲ့ကြမှာလဲ
ခု…ပြည်လမ်းဟာ တပ်လှန့်နေပြီ
မမြင်ချင်ယောင်ဆောင်ထားတဲ့ မျက်လုံးတွေ
ဖောက်ထုတ်ပစ်လိုက်ဖို့ကောင်းတယ်
ဟိုအရင်ကလို ပြည်လမ်းညနေတွေ
ရောက်လာဦးမလား…။   ။
                   ရွှေ ကြယ် မိုး

Tuesday, October 16, 2012

အခါလွန်နရီရှည်ကြာလွန်း
ချုပ်ပြုစအချိန်တိုင်ခဲ့ပြီ

ကကြိုးဆရာတွေရေးတဲ့ အလင်္ကာက
ချိုသယောင်ယောင်နဲ့ ခါးသွား
တအိအိတက်လာတဲ့ အမှောင်တွေ
ဘယ်နှဘ၀ကို ကြိုးဆွဲသတ်ခဲ့ပြီလဲ
ဒီမှာ…ပြင်းပြတဲ့ပွဲတော်တွေကြောင့်
စိတ်တွေလည်းတည်ရာရှာနေကြရ

ငါယုံပါတယ်
ဇွပ်ခနဲ မြည်သံကြားမှ
ဆတ်ခနဲ လှည့်ကြည့်မိ
ငါယုံပါတယ်
ဒါနောက်ကျောဓါးပါ

ဘယ်တော့လွတ်မလဲ
ဘယ်တော့ကျွတ်မလဲ
ညထဲက ဆုတောင်းသံတွေ ပျံ့လွင့်
ညထဲက ငါတို့ရှင်သန်ရာ
ညထဲက ငါတို့မြေကမ္ဘာ

ထုသားပေသားကျ
တစိုက်မတ်မတ် ငိုကြွေး
ခွင်းမယ့်အလင်းက ငါတို့ရင်ထဲမှာပါ။      
                                 ရွှေ ကြယ် မိုး