Sunday, November 25, 2012

ငါတို့ရဲ့ ဖြစ်တည်မှုပဓါနတွေ ငါတို့ရဲ့ ဝေးကွာချိုမြိန်ခြင်းတွေ



ဒီတစ်လပြီးရင် ပြန်ခဲ့မယ်ဆိုပေမယ့်
ရောက်မသွားဖြစ်ပြန်ဘူး
တက်တက်လာနေတဲ့ ဒဏ်ရာတွေကို
အဖော်လုပ်ပြီး ဆေးလိပ်နဲ့ မြည်းနေတယ်

ကလေးရေ
တစ်ခါတစ်ရံဆိုတာတွေက သိပ်ကိုကြာတတ်တယ်
ကန့်လန့်ဖြတ်လမ်းပေါ်က အနာတရတွေကို သယ်ပိုးရင်း
စိတ်ကြိုးတွေက ငါ့ဆီကို လွင့်နေပြီလား
ဒီမှာ မင်းကမ်းပေးနေကျ စီးကရက်တွေက
အရင်လို ငါ့ကို မချိုမြိန်စေဘူး

အခွင့်ကြုံရင် ဖွင့်ထားတဲ့ တံခါးကို
အလင်းတွေနဲ့ လာခေါက်မယ်
ပညတ်ထားတာတွေ ရှိလဲ ရှိပါစေပေါ့
တို့ရဲ့ တရားကို တို့အောင်နိုင်တယ်
တို့ရဲ့ ကြမ္မာကို တို့ဖန်တီးနိုင်တယ်

အဆင်မပြေမှုတွေက ဘယ်တော့မှ အသားမကျဘူး
ဒီတစ်ခါပြန်လာရင် မင်းဧရာဆိပ်ခံတံတားပေါ်မှာ
ညလုံးပေါက် ဂစ်တာထိုင်တီးရင်း  မင်းကို အားပါးတရကြည့်မယ်
မင်းနွှဲခဲ့သမျှ တိုက်ပွဲတွေကို စီးကရက်ဖွာရင်း နားထောင်မယ်

စိတ်ဆင်သမျှ အတွေးတွေကတော့ မင်းဆီမှာချည်းပဲ
ဒဏ်ရာတစ်ခါရတိုင်း ဘုရားမှာ တစ်ခါဆုတောင်းတုန်းပဲလား
လူအဖြစ်ကို သေးသိမ် နိမ့်ကျစေတဲ့ အပြုအမူတွေကို မလုပ်နဲ့ကွယ်
တို့တွေဟာ လူသားတွေဖြစ်တယ်
ဘယ် ဘာသာရေးကမှ တို့ကို လာမကယ်နိုင်ပါဘူး ကလေးရဲ့

ဒုက္ခတွေ ပင်လယ်လိုဝေနေတတ်တဲ့ မင်းတစ်ယောက်
မခေါ်ပဲရောက်ရောက်လာတတ်တဲ့ အမှားတွေအတွက်
မြင်မြင်သမျှကို တိုက်ခိုက်မပစ်လိုက်ပါနဲ့


လူတွေအကုန်လုံးက
မီးကို ရှာဖွေမတွေ့ရှိခင်တည်းက ဒုက္ခတွေအတိနဲ့ ပဲ
တို့တတွေရဲ့ အမှားတွေဟာ အမှန်တွေလည်းဖြစ်နေရဲ့
ရင်ကိုဖွင့် မျက်စိကိုဖွင့် ရင်ဆိုင်ကြစို့လေ

ငါတို့တွေ အဓိက ယုံကြည်ရမှာက
ကဗျာတွေဟာ ထာဝရကို ဖြစ်ပေါ်စေတယ်ဆိုတာပဲ ကလေးရေ
လင်းချင်းရာလင်း ထင်းချင်းရာထင်းကြပါစေ
တို့ရဲ့ အဆင်းကို တို့ကြေနပ်စို့ရဲ့
ငြင်းချင်သူတွေလည်း ငြင်းကြပါစေ

သေချာတာက
ဒီလို လဲ့ဖြာမှုမျိုးတွေနဲ့ဆို
တို့သမိုင်းဟာ မွှေးမြနေမှာပါပဲ
ကလေးရေ
မင်းအတွက် အနာဂါတ်ဟာ ခုချိန်ပဲ
ပြန်ဆုံကြမယ့်အချိန်တွေ ဝေ့၀ိုက်လာမှာ အသေအချာပဲ
ပတ်ဝန်းကျင်ဆိုတာ ဖြေဆေးနဲ့အဆိပ် တပူးတတွဲအမြဲရှိတယ်
လူလိုသူလိုအမှားတွေနဲ့ လူတွေကြားတွေ ရဲရဲမှားနိုင်ပါစေ…
ရဲရဲမှားနိုင်ပါစေ…က…လေး…ရေ။                 
                                                       ရွှေ ကြယ် မိုး

စိတ္တဇလောင်ကွင်းထဲက ငါ့အသံ\ အော်သံ \ညည်းသံ



ငါ့ စိတ္တဇ…
ဟာလာဟင်းလင်း အသိညာဏ်ထဲက အလင်းမှုန်တစ်မှုန်
အော်ခေါ်ရာအသံတစ်လျှောက် ပြေးဆင်းလိုက်ချသွားရမလားဆိုတဲ့ အတွေး
မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လက်ဝဲလက်ယာများထဲမှ နစ်မွန်းနေသော သမုဒ္ဒရာ

ငါ့ကမ္ဘာ\ငါ့ခန္ဓာ…
အဝေးမျှော်တေးတွေကြားထဲ ထိုးစိုက်ချထားရတဲ့ ဓါးမြှောင်
ချောက်ကမ္ဘားနက်ထဲ မကြာခင်ကမှ ဆယ်ယူရရှိထားတဲ့ သစ္စာတရား
ဟိုးအစွန်ဖျားထိတိုင်အောင် နွမ်းလျဖျားနာ မီးမှောင်ချထားရတဲ့ ဒဏ်ရာ

မြို့အမှတ် YGN#111111 ရဲ့ ပြစ်ဒဏ်ကျ လွတ်လပ်လူသား
လမ်းအမှတ် 38#AAAAAA ရဲ့ ပြဌာန်းခံ ကဗျာဆရာသူရဲကောင်း
တခုတ်တရ အကြည့်ပါးပါးတွေထဲ စူးခနဲဖြာကျ…ငါ့အသံ\အော်သံ\ညည်းသံ
ဒါဟာ လက်တစ်ကမ်းမှာဖြစ်နေတဲ့  မျိုးဆက်တစ်ဆက်စာ မမှီမကမ်းဖြစ်မှုတွေ…

မရိုက်နှိပ်ရသေးတဲ့ စာရွက်အဖြူပေါ်မှာ သင်ခန်းစာမဲ့မှုတွေကို ကိုယ်ကျင့်တရားတွေနဲ့အတူ
ရိုက်နှိပ်ချလိုက်တယ်…ငါ့ရဲ့ ကျောက်ဆောင်ကျောက်ခဲတွေကလည်း အိပ်မက်မှာ ၀ါဖျော့လို့နေ
ငါ့ရဲ့အထီးကျန်ဆုံးထောင့်တစ်ထောင့်မှာ မိန်းမတစ်ယောက် ယဉ်ယဉ်ကျေးကျေးပြုံးပြနေတယ်
မရှိသေးတဲ့အရာတစ်ခု ရင်းနှီးလာသလိုမျိုး ငါတို့တွေစကားအမြောက်အများပြောကြတယ်
ငါတို့ ရယ်မောကြတယ်…ငါတို့ ခခယယပြုံးကြတယ်

အဲ့ဒီ့နောက်တော့ အိမ်ပြန်ကြ…လမ်းခွဲကြ…နှုတ်ဆက်ကြ…
ပြန်ဆုံကြမယ် ပြောကြနဲ့ပေါ့…လမ်းသွားလမ်းလာတွေက မရိုးနိုင်ဘူး
ငါ့မှာ ငါ့စိတ္တဇအတွက် ဖြေဆေးတစ်ခုလို ရယ်သံတွေကို ရှိုက်ချလိုက်တယ်
သူတို့တွေက စီးကရက်တွေလိုမျိုး ငါ့မျက်တွင်းတွေကို ဟောက်ပက်ဖြစ်မသွားစေဘူး
အတိတ်ရဲ့ ခြေသံတွေ လိုက်မမှီလောက်အောင်မြန်ဆန်…တို့ဆို ကြောက်လှပါပြီတဲ့
အဲ့ဒီ့လိုပြောပြီး အမှောင်ကန့်လန့်ကာကြီးထဲ ပြေးဝင်ပျောက်ကွယ်သွားကြတယ်

ဒါလည်း ဖြစ်တည်မှုတရားတစ်ခုပါ
မိုးတွေလိုပြေးမလွတ်နိုင်အောင် ရွာချသွားပေမယ့်
အဲ့ဒီ့ပျက်လုံးခါးတွေက ငါတို့ကို ဘယ်စွတ်စိုနိုင်ပ့ါမလဲ နွယ်နီ…               
                                                                  ရွှေ ကြယ် မိုး

ကဗျာဆရာရဲ့ မှတ်စု


တစ်ခါက ကျွန်တော်ဟာ
ကဗျာဆရာတစ်ဦးဖြစ်ကြောင်းသူမ သိသွားမှာ
စိုးရိမ်ခဲ့ဖူးပါတယ်

တစ်နေ့မှာ
ခရေပန်းတွေကို နှစ်သက်တဲ့ သူမဟာ
ခရေရနံ့မစွတ်မပွတ်လေးနဲ့ သပ်ရပ်နေတဲ့
ကျွန်တော့်ရဲ့ ကဗျာစာအုပ်လေးကို ကိုင်လို့
ကျွန်တော်ဟာဘယ်သူလဲဆိုတာကို သိသွားပါတော့တယ်

သူမဟာ ကဗျာတွေကိုချစ်တတ်တဲ့သူ
သူမဟာ ကဗျာစာအုပ်လေးတွေတွေ့တိုင်း ဖတ်လေ့ရှိသူ
ဒါပေမယ့် သူမဟာ ကဗျာဆရာဖြစ်ရမှာကို
သေမလောက် ကြောက်တဲ့သူတစ်ယောက်ပေါ့

ကဗျာဆရာဆိုတာ လောကကြီးကို ပစ်ပယ်ထားတဲ့
လူမို့လို့ သူမစိတ်ထဲမှာ ကျွန်တော်ဟာ သူမကို
ပစ်ပယ်သွားမှာ စိုးကြောက်ခဲ့လေသလား
သူမရဲ့ မျက်လုံးတွေ ဖြူဖျော့ပြီး ကျွန်တော့်ကို
ငေးကြည့်နေခဲ့တာ သေချာပါတယ်

ကဗျာဆရာဟာ အချိန်ရေစီးထဲမှာလည်းမနေ
ပျော်မြူးတဲ့ စိတ်အလျဉ်မှာလည်း မနေ
စိတ်ထင်ရာသာ ဒုန်းဆိုင်းသွားနေတတ်ခဲ့
ကဗျာဆရာရဲ့ ကမ္ဘာဟာ ကဗျာတွေနဲ့ပဲ တည်ဆောက်ထားခဲ့

ကျွန်တော်ဟာ ဆံပင်တွေရှည်၊ လက်သည်းတွေရှည်
မျက်လုံးတွေက ချိုင့်ဝင်လို့၊ စီးကရက်ကလည်းဖွာ
ဗရမ်းဗတာ ဆန်တဲ့ကျွန်တော့်ကို အဲ့နေ့စွဲတွေတစ်လျှောက်လုံး
သူမ ငေးမောကြည့်ရှုနေခဲ့တယ်
အရင်လို စကားတွေက ဟက်ဟက်ပက်ပက် မရှိတော့

ကဗျာဆရာရဲ့ အသက်ဟာ ကဗျာထဲမှာပဲ ရှိတယ်ဆိုတာကို
သူမ ကောင်းကောင်းကြီးလက်ခံထားခဲ့ဖူးပါတယ်
ကဗျာဆရာတွေဟာ တခြားလူတွေ မတွေးရဲလောက်အောင်
စိတ်ပိုင်းဆိုင်ရာ အနာတရတွေရှိတယ်ဆိုတာကိုလည်း
သူမ မချင့်မရဲနဲ့ နားလည်သဘောပေါက်ထားပါတယ်

 Love ကို ဘယ်လိုသတ်မှတ်လဲတဲ့
လိင်စိတ်တစ်မျိုးလို့ ကျွန်တော်ဖြေခဲ့ပါတယ်
ဘယ်အချိန်ထိ ကဗျာတွေကို ရူးသွပ်သွားမှာလဲလို့မေးတော့
အသက်မထွက်မချင်းလို့ ဖြေခဲ့ပါတယ်
သူမ တုန်ရီစွာ ခပ်ပါးပါးလေး ရယ်ပြခဲ့တယ် ထင်တယ်

တစ်နေ့မှာ သူမဟာ
ကျွန်မမှာ ကဗျာဆရာတစ်ယောက်ကို ပွေ့ပိုက်နိုင်တဲ့အင်အား
မရှိဘူး ဆိုပြီး ကျွန်တော့်ကို စွန့်လွှတ်လိုက်ရ သယောင်ယောင်နဲ့
စွန့်ခွါသွားခဲ့တယ်
ဒါဟာ တယောတစ်လဒ်ရဲ့ကြိုးလိုပဲ
တအီအီနဲ့ မြည်တမ်းပြီး နူးညံ့စွာ နာကြင်ခဲ့ရတယ်

သစ်ရွက်ကြွေတွေကို ငုံ့ကြည့်မိတိုင်း သူမဟာ
ဖတ်စာအုပ်ထဲကလောက်တောင် ဆွဲအားတွေအကြောင်း
နားမလည်ပါလားလို့ သတ်မှတ်မိတယ်
ကျွန်တော်ဟာ ဆွဲအားတွေကို လွန်ဆန်ခဲ့လေသလား
ဆောင်းတွင်းရဲ့ မနက်ခင်းမှာ သူမရဲ့ ပုံရိပ်ဟာ
ကျွန်တော့်အတွက် ဆွဲအားတစ်ခုပါ

ပြန်မရတော့မယ့် အတိတ်အတွက်
အနာဂါတ်မှာ ပင့်သက်တွေနဲ့ ပေါင်းဖက်လို့
လတ်လတ်ဆက်ဆက်ကို နာကျင်နေရရင်း
ကဗျာဆရာဟာ ကဗျာတွေကို ဖွားမြင်ပေးခဲ့ရဲ့
                                                ရွှေကြယ်မိုး