Wednesday, February 6, 2013

ဒီတော့…ငါ့ရဲ့နောက်ဆုံးကိုးကွယ်ယုံကြည်မှုဟာ စီးကရက်၊ မိန်းမ၊ ကဗျာ ဖြစ်သွားတာ ဘာများဆန်းတယ်တဲ့လဲ

ငါ့ကမ္ဘာလို့ထင်ရတဲ့နေရာမှာ လောင်မီးကျသွားတယ်
ငါ ယုံမိတော့မယောင် ဖြစ်သွားရတတ်တဲ့ အမှန်တရားမျိုးကို
ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငါ့ဆီယူမလာသင့်ဘူး…ဘေးထွက်ဆိုးကျိုးအနေနဲ့
အနှစ်သာရမဲ့မှုတွေက မစားရင်မဖြစ်တဲ့ ထမင်းလုပ်တိုင်းကို အဓိပ္ပါယ်မဲ့စေတယ်
လက်ဆင့်ကမ်းထားတဲ့ ပုံစံဖြေဆေးမျိုးရမယ်ဆိုရင်လည်း လိုချင်စရာမကောင်းတော့ဘူး
မျဉ်းပြိုင်တွေမှာ ဘ၀အစိတ်အပိုင်းတွေက ပြိုကွဲလွင့်စင် မှားယွင်းခဲ့ကြတာ ဟိုးရှေးရှေးတုန်းတည်းက
စုတ်ချက်တွေကို အရောင်ခပ်ပါးပါးလေးတင်ရင်း ပြုံးကြမယ်…မမျှော်လင့်ရဲတဲ့အနာဂါတ်ဟာ
လှလှပပကြီးကို ရွှင်လို့မြူးလို့…မေ့ဆေးပေးထားတဲ့ အတိတ်ဆိုတာကလည်း ပြန်မရနိုင်တော့…
ငါ့ ဆံပင်တွေက သူ့ဘာသာသူ ရှည်ရှည်လာတဲ့ကိစ္စကို ဒီသောက်လူ့အဖွဲ့အစည်းက ဘာလို့
တေလေဂျပိုးဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်ရတာလဲ…လက်သည်းတွေလို ဆံပင်တွေမှာ ရောဂါမရှိဘူး
ဘယ်သူမေးမေး အဆင်မပြေပါဘူးဆိုတဲ့ အဖြေသာရတဲ့ခေတ်ကြီးမှာ ငါ့ပျော်ရွှင်မှုဟာ ငါကိုယ်တိုင်ပဲ
ကိုယ်တိုင်အဆိပ်သောက်ဖူးမှ ဖြေဆေးဆိုတာရဖို့ လွယ်ကူမတဲ့…မိန်းမတွေဆိုတာ အဆိပ်(သို့)ဖြေဆေး
ပွင့်ပွင့်လင်းလင်းပြောရရင် ငါမြင်ဖူးတဲ့ မိန်းမမှန်သမျှကလူတွေပါပဲ…သာယာမှုကို သူတို့ရှာတာ မဆန်းဘူး
ယောက်ကျားပဲဖြစ်ဖြစ်…မိန်းမပဲဖြစ်ဖြစ် ထိပ်တိုက်မရင်ဆိုင်ဝံ့တဲ့လူဟာ ကောက်ကျစ်ယုတ်မာဖို့ အားသာတတ်တယ်
ဘယ်သူမဆို ကိုယ့်ကိုယ်ကို အယားဖြေကြတာပဲ…ဒါကို ခံငြင်းရမယ်ဆိုရင်တော့ အားနာပါတယ်
သာယာနာပျော်ဖွယ်ကောင်းသော အစိတ်အပိုင်းများ၌ အလိုအပ်ဆုံးသောအရာ
ယစ်မူးငြိမ်သက်နေသော မသိချင်ယောင်ဆောင်မှုများထဲ ကိုယ်ခန္ဓာဟာ ပြိုလဲကျ
အဲ့ဒီ့ တန်ဖိုး ဆိုတဲ့အရာကို ငါငြင်းဆန်တယ်…  အချစ်ဆိုတာ သောက်အဓိပ္ပါယ်မရှိတဲ့
အပေါ်ယံလုံခြုံရုံမျှ အရေခွံမှန်းသိရဖို့ ဘယ်သောက်တက္ကသိုလ်တွေက သင်ပေးမှာတဲ့လဲ
စစ်ရှုံးတဲ့လူတွေကို လူဆိုးလူညစ်တွေအဖြစ် ခေတ်အဆက်ဆက်သတ်မှတ်ခဲ့ကြပေါင်းလည်း များပြီ
လွန်ခဲ့တဲ့လအနည်းငယ်ကပဲ ငါ့ ငယ်စဉ်တောင်ကျေးအိပ်မက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်
ကျည်ဆန်လို ထုတ်ချင်းပေါက်သေစေနိုင်တဲ့ ဒဏ်ရာတွေရတဲ့အခါ ငါဟာ ကလေးလေးတစ်ယောက်လို ငိုကြွေး
ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဘုရားမှန်သမျှကို အော်ဟစ်တိုင်တည်ခဲ့တာပေါ့…ဒါပေမယ့် ဘယ်ဘုရားကမှ လူတွေကို
မကယ်နိုင်တာ ခင်ဗျားတို့အားလုံးလည်းသိနေတာပဲ…ဒီတော့ ငါနောက်ဆုံးကိုးကွယ်တဲ့ ဘာသာရေးဟာ
စီးကရက်၊ မိန်းမ၊ ကဗျာဖြစ်သွားရတာ ဘာများဆန်းတယ်တဲ့လဲ…အပြင်မှာ တကယ်ဖြစ်ပျက်လာတဲ့အခါ
ပုံပြင်တွေထဲကထက် ပိုမိုဆန်းကြယ်တယ်ဆိုတဲ့စကားထက် ပုံပြင်တွေထဲကို လူတွေရဲ့ ဦးနှောက်တွေ
ရောက်သွားခဲ့တယ်ဆိုတာကို ငါ လုံးဝယုံကြည်တယ်…နင့်နင့်သီးသီးကို ငေးရီနေလိုက်ရတဲ့ ဆံနွယ်လေးတွေထဲ
စီးကရက်မီးခိုးငွေ့တွေကို မှုတ်ထုတ်ချလိုက်တယ်…ဒီညရေးမယ့် ကဗျာတွေ အရမ်းကောင်းနေဦးတော့မှာပါပဲ။        
                                                                                                                        ရွှေ ကြယ် မိုး

No comments:

Post a Comment