Monday, February 18, 2013

ဇာခြည်ရဲ့ အိပ်ခန်းနံရံမှာရေးထားရမယ့် အရာတွေ(၂)

ပြဿနာတိုင်းရဲ့ အစဟာ ငါတို့ မျက်လုံးတွေပဲ ဇာခြည်
တစ်ချက်ကလေးမှားလိုက်တာနဲ့ လဲပြိုကျသွားမယ်ဆိုတာကို
သိခဲ့ကြပေမယ့်…ငါတို့ဟာ ကိုယ့်သေတွင်းကို ကိုယ်ဆက်တူးခဲ့ကြတာ
လှေနံကိုဓါးထစ်ထားတာပဲဖြစ်ဖြစ် …ငါတို့ပြုတ်ကျခဲ့တဲ့ ရေစီးကြောင်းမှာ
ရယ်သံတွေကို ပြန်ကောက်ယူလို့မရတော့ဘူး

ဒီလောကကြီးဟာ ဒီ့ထက်ပိုပြီး ယုံကြည်ချင်စရာ မကောင်းတာ နင်လည်းမသိ
တစ်ခုခုဆို မျက်လုံးပါးလျလျတွေနဲ့သင်းကွပ် … နင်ကိုယ်တိုင်က ယစ်မူးမိခဲ့တာပဲ
အိမ်တစ်အိမ်နဲ့ အိမ်တစ်အိမ်မျက်စောင်းထိုးရုံသာမက တစ်ယောက်နဲ့တစ်ယောက်ကပါ
မျက်စောင်းတွေထိုးခဲ့ကြတာ…လူငယ်တစ်ယောက်ရဲ့ အမှန်တရားတွေ ပျော်ကျသွားခဲ့ရတယ်

ပြာကျနေတဲ့ လူတစ်ယောက်ရဲ့အကြင်နာတွေမှာ နင်ပြန်တောင်းပန်လို့ရမယ့်
ဒုက္ခမျိုးကို ဘယ်တော့မှ မရှာလေနဲ့…မိန်းမတစ်ယောက်ကို မြတ်နိုးမိတာ
ဒီလောက်အဓိပ္ပါယ်မဲ့မှန်းသိပေမယ့် ငါတို့ဟာ အိမ်နီးချင်းတွေဖြစ်ခဲ့ကြတယ်လေ

ထပ်တစ်ကြိမ်ဖန်တီးကြရဦးမယ့် အထိအတွေ့တွေမှာ
နေသားတကျဖြစ်ပြီးသား  ဒဏ်ရာတွေကနေ ငါတို့ပြေးလွတ်လိမ့်မယ် ထင်လို့လား
နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်သီချင်းကို ထပ်ခါတလဲလဲသီဆိုရင်း
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို မျက်လွှာချပြီး တစ်ဖက်ကိုလှည့်မိတယ်
သြော်…ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်

မြက်ပင်ရိုင်းရှည်ရှည်တွေ၊ တံဆိပ်တွေ၊ အရိပ်တွေ၊ ဂုဏ်သိက္ခာတွေက
ဇာခြည်ရဲ့ အိမ်ကလေးနဲ့ ငါ့ရဲ့အိမ်ကလေးကို စည်းခြားပစ်လိုက်ကြတယ်…
နောက်ဆုံးတိုက်ပွဲဆိုတာကို သိနေရပေမယ့် ကျည်ဆန်တွေက ကျန်မှမကျန်တော့ပဲဟာ

ဇာခြည်
ရန်ကုန်မှာ ကားလမ်းတွေဖြတ်ကူးကြရင်း ငါတို့မျက်နှာမှာ
အရေးအကြောင်းတွေလည်း တဖြည်းဖြည်းရင့်သန်လာကုန်ကြပြီ
နင့်မျက်လုံးထဲက ၀ှက်ထားတဲ့အဓိပ္ပါယ် ဘာတွေများလဲဇာခြည်ရယ်…။    ။
                                                                                    ရွှေ ကြယ် မိုး
                                                                www.shwekyalmoe.blogspot.com

No comments:

Post a Comment