Monday, October 22, 2012

ပြည်လမ်းမပေါ်မှာ ရွတ်ဖို့ရေးထားတဲ့ ကဗျာ

နုမလိုလိုနဲ့ ကြမ်းခဲ့
လင်းမလိုလိုနဲ့ မှောင်ခဲ့
မောဟ၀တ်ရုံသစ်ကို ၀တ်ဆင်
မနက်ဖြန်ပဲ နှောင်ကြိုးတွေ ဖြည်ပေးတော့မလိုလို
မဟောင်းပေမယ့် အသစ်လဲ မဖြစ်တဲ့စကားတွေ

ရာသီတွေမပြောင်းဘူး
အတွေ့အကြုံတွေ မကောင်းဘူး
ပြီးတော့ ဒဏ်ရာဆိုတာ မဟောင်းဘူး
တိတ်တိတ်လေးဆိုပေမယ့်
စက္ကန့်တံ တစ်ချက်ချက်တိုင်း
တမြေ့မြေ့နဲ့ လောင်ကျွမ်းနေတဲ့အခါ

ဖြေစရာတရားတွေ အရာမထင်ဘူး
မသိချင်ယောင်ဆောင်ထားကြတယ်
ဘာမဆို အကောင်းဘက်ကချည်း မတွေးနဲ့
လင်းရှင်းတဲ့ အတွေးမှာ အဆိုးရော အကောင်းရော
ထည့်ထားဖို့လိုတယ်

ဒီမှာ မေးခွန်းတွေက ခက်ရဲ့
Who is really killed Aung San?  တဲ့
အဲ့ဒီ့အတွက် အဖြေငါမသိဘူး
မြန်မာပြည်ဒုတိယလုပ်ကြံမှုကြီးကို
တရားခံရော၊ သက်သေရောရှိနေလျက်နဲ့
တရားရုံးမပို့နိုင်တာ ဘာကြောင့်လဲ တဲ့
အဲ့ဒီ့အတွက် ငါမဖြေနိုင်ပြန်ဘူး
ဗုံသံတွေမှာ က ခဲ့ကြတယ်
ဗုံသံတွေမှာ ငို ခဲ့ကြတယ်
ဗုံသံတွေမှာ လဲ ခဲ့ကြတယ်

ငါလဲ ဗုဒ္ဓဘာသာပဲ
အရာရာကို တရားနဲ့ဖြေလို့ မရမှန်း
ငါသိတာပေါ့
ယန်ပေါဆတ်ပြောတဲ့စကားနဲ့ ပြောရရင်
စစ်ထဲလိုက်ရမလား မိဘလုပ်ကျွေးရမလားဆိုပြီး
ဗျာများနေတဲ့ လူငယ်ကို ဖြေသိမ့်စရာတရား
ဘယ်ဘာသာရေးမှာမှ မရှိပါဘူး

ဆုလာဘ်ကို ကြည့်နေရရုံနဲ့
ကြိုးစားခဲ့ရသမျှကို မေ့လိုက်ရမယ်ဆို
သဘာဝက တရားပါတော့မလား
တချို့ကခက်တယ်
အင်းလျားတေးသံကို မေ့ခဲ့တယ်
ဆလိုင်းတင်မောင်ဦးကို မေ့ခဲ့တယ်
ဒီပဲယင်းမြို့ကို မေ့ခဲ့တယ်

မေ့ခဲ့ကြတယ်
ချစ်ခဲ့ရဖူးသူက မေ့ပစ်လိုက်သလိုမျိုး
မမေ့နိုင်ပေမယ့် မေ့ခဲ့ကြတယ်
မေ့ချင်ယောင်ဆောင်ခဲ့ကြတယ်

တက္ကသိုလ်ဘုန်းနိုင်ရဲ့
မိုးညအိပ်မက်မြူ ကိုသတိရတယ်
မိုးသည်းတဲ့ညတွေတိုင်း ဘ၀တွေပြောင်းခဲ့သူ
မိုးသည်းတဲ့ညတွေတိုင်း အတိတ်တွေထဲက ထွက်ပြေးသူ
မောင်မြင့်ဝေခေါ် ၊ ကိုသစ္စာခေါ် ၊ မောင်ညိုမှိုင်းခေါ်
ရုပ်ရှင်မင်းသား နေတိုးကို မျက်ရည်တွေကြားထဲက ချစ်မိတယ်

ငါတို့ကျတော့
ဒီလိုရှောင်ပြေးလို့ မဖြစ်ဘူးလေ
ငါတို့ဟာ အဖွဲ့စည်းအသွင်ကို ဆောင်တယ်
ငါတို့ဟာ နိုင်ငံရေး အသွင်ကိုဆောင်တယ်
ငါတို့ဟာ တရားရေး အသွင်ကို ဆောင်တယ်
ဘာကမှ ငါတို့ကို မဖြေသိမ့်နိုင်ခဲ့ဘူး
လျှော့ကြိုးတစ်ချို့မှာ အခု ငါတို့
လှုပ်ရှားနေကြတယ်

အဆုံးသတ်တိုက်ပွဲတဲ့
ဘယ်သူတွေကျန်ခဲ့ကြမှာလဲ
ခု…ပြည်လမ်းဟာ တပ်လှန့်နေပြီ
မမြင်ချင်ယောင်ဆောင်ထားတဲ့ မျက်လုံးတွေ
ဖောက်ထုတ်ပစ်လိုက်ဖို့ကောင်းတယ်
ဟိုအရင်ကလို ပြည်လမ်းညနေတွေ
ရောက်လာဦးမလား…။   ။
                   ရွှေ ကြယ် မိုး

1 comment:

  1. ကဗျာကောင်းလေးအားပေးခဲ့ပါတယ်ဗျာ ။

    ReplyDelete