Sunday, January 13, 2013

ဒါဗင်စီရယ်…ကျွန်တော်ရယ်…ဘုရားသခင်ရယ် နောက်ဆုံးညစာကို သုံးဆောင်ကြပြီးနောက်

ဒဏ်ရာဆန်ဆန်လက်ချောင်းတွေကြားက မယုံကြည်နိုင်မှု အထိအတွေ့…
အကုန်အစင်ချပြချင်သော ပထမံတပ်သားတစ်ယောက်ရဲ့ ချောက်ကပ်ကပ်ရယ်သံ
ခပ်ရဲရဲညှိထားတဲ့ဆေးလိပ်မီးပြင်းပြင်းအောက် မိုးထက်မြင့်တဲ့အတွေးတွေ ကြယ်လိုကြွေကျ
ဆောက်တည်ရာမဲ့…ဝေဒနာကို ထမင်းသိုးဟင်းသိုးလို အော်ဂလီဆန်စွာ မြိုမြိုချနေရ
လူတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းဆိုတာ ရှေ့တန်းဆန်ဆန်နေရာတွေရောက်တိုင်း
ပျောက်ပျောက်သွားလေ့ရှိတာပေါ့…မမြင်ကွယ်ရာတွေကြား…တိတ်ဆိတ်သွားခဲ့ပြီးဖြစ်သော
အသက်ရှုသံ…အရာအားလုံးကို နားလည်မှုရှိပေးစေချင်တယ်…သစ္စာကို ငြင်းဆန်တတ်သူဟာ
ဘယ်တော့မှ နောက်ကျောဒဏ်ရာ ပြင်းပြင်းမရဘူး…လိင်စိတ်ထဲက ထွက်ကျလာတဲ့ ရေစီးမှာ
ကျွန်တော်တို့…ခင်ဗျားတို့အားလုံးရဲ့ယုံကြည်ရာတွေ ပက်လက်မျောသွားတယ်…ရှိရှိသမျှ နွမ်းသွားတယ်
ခနခနထုံကျဉ်နေလေ့ရှိတဲ့ မောက်(စ်)တစ်လုံးလည်း ရှိတော့မှာမဟုတ်ဘူး…ဝေးသွားကြပြီ
ပထမခြေလှမ်းတွေ လက်တွဲညီခဲ့ကြသလောက် ညောင်ညိုပင်နားရောက်လေ ဖျော့တော့သွားလေ
သံသရာလမ်းဟာမချောမွေ့တတ်တော့ ရင်ဆိုင်ရန်ခွန်အားဖြည့်မိငယ်ရေ…ကို ဆိုရင်းဆိုရင်း တိတ်ဆိတ်သွား
ကျေးလက်ထဲက လူခြေတိတ်ချိန်အပါအ၀င်…ခြေရာလေးနှင့် ဖိနပ်တစ်ရန်သာ ကျန်ရစ်ခဲ့သော ရေကန်
နေရောင်တွေဖြာကျလာလိုက်…လရောင်တွေလာဆော့ကစားလိုက် ကျွန်တော်တို့ရဲ့ မြစ်မင်းနှင့်တကွ
ခရီးဖော်များ…ဘယ်ခရီးနီးသလဲမေးရင်း ရလာတဲ့အဖြေမှာ ရေပြင်ညီမျဉ်းတွေ အစိတ်စိတ်ကွဲသွားတယ်
ကျွန်တော့်ဆိုလိုမှုဟာ ထမင်းတစ်လုပ်ဖြစ်တယ်…ပျော်ရွှင်မှုတစ်ခုဖြစ်တယ်…တပ်မက်မှုတစ်ခုဖြစ်တယ်
တကယ့်တကယ်မှာ စိတ်လိုလက်ရ အမှားတွေဖြစ်ဖြစ်လာလိုက်ကြတာ…အရမ်းလှပတယ်ဆိုတဲ့
မျက်နှာကလည်း ထမင်းတစ်လုပ်ဖြစ်လာမှာမဟုတ်ဘူး…၀ရုန်းသုန်းကားအသံတွေ ဆူပူလှုပ်ရှား
ထရမ်းပက်ဆန်ဆန်ဂီတသံ…ဒီညစာဟာ ငါတို့တွေရဲ့ နောက်ဆုံးအစားအစာစားခြင်းသောက်ခြင်းပဲ
အကုန်လုံးဆုံးခန်းတိုင်ခဲ့ပြီ…နောက်ဆုံးစာမျက်နှာတွေပေါ်မှာ မှင်တစ်စက်ကအစ သွေးစတစ်မှုန်အဆုံး
တန်ဖိုးရှိတယ်…အစတည်းကပြောဖို့မေ့ခဲ့တာက တန်ဖိုးထားစံပုံစံသတ်မှတ်မှုတွေကို ဖြည်ချခဲ့ဖို့…
အထိအတွေ့…သာယာပျော်ရွှင်မှုကလွဲလို့ ငြင်းဆန်သင့်တာမှန်သမျှ ငြင်းဆန်ပစ်လိုက်တာ ကောင်းတယ်
ခဏလေးပါ…အားလုံးအတွက်…ကြေကွဲစရာတွေနဲ့ တက်လိုက်ကျလိုက် ဒီရေဆန်ဆန် အစိုင်အခဲများထဲ
ဘုရားသခင်ရဲ့ ကျမ်းဂန်လာပုံပြင်တွေ ဟောင်းနွမ်းသွားတယ်…၀င်ရိုးစွန်းတန်းက စွပ်ဖားလှည်းတွေကစလို့
နောက်ဆုံးပေါ်ဆေးထိုးအပ်တွေထိ အရာရာသစ်ဆန်းခဲ့…ပုံပြင်တွေက အတိတ်ခေတ်မှာပဲနေခဲ့တာ ခက်တယ်
နောက်ဆုံးမှာတော့ ဘုရားသခင်က သူကိုယ်တိုင် ပျောက်ကွယ်ရတော့မယ်မှန်း ကျကျနနသိသွားတော့တယ် ဒါပေမယ့်…ဘုရားသခင်ကိုယ်တိုင် နောက်ကျခဲ့တာ မဟုတ်လား…ဒါဗင်စီက ဒါတွေအတွက် ပန်းချီတစ်ချပ်ဆွဲမယ်တဲ့
ကမ္ဘာမြေပြင်ပေါ်မှာ နှစ်ဆယ့်လေးပေါင်ရှိတဲ့ ပစ္စည်းဟာ အာကာသထဲရောက်ရင် လေးပေါင်သာသာပဲ ရှိတော့တာကို
ဘုရားသခင်နားလည်သွားမလားမသိဘူး…ကျွန်တော်ကိုယ်တိုင် ရုပ်ဝထ္ထုတွေထဲ နစ်ဝင်သွားတော့မှာ ဖြစ်တဲ့အတွက်
ကျွန်တော်ကိုယ်တိုင် နားမလည်ခဲ့တာတွေများကြောင်း…ကျွန်တော်နားလည်ခဲ့တာတွေကလည်း အမှန်တရားမဟုတ်ကြောင်း
အမှန်တရားဆိုတာ လူတစ်ယောက်စီတွင် တစ်မျိုးစီရှိကြောင်း…ကမ္ဘာဦးကျမ်းကိုပြန်လည်ပြင်ဆင်သင့်ကြောင်း
ဘုရားသခင်ကိုယ်တိုင် အမှန်တရားမဖြစ်နိုင်တော့ကြောင်း…မပြောနိုင်ခင် ကျွန်တော် ခေါင်းငိုက်ကျသွားတယ်
ဒါဗင်စီကိုယ်တိုင် ဒီပန်းချီကားကို အဆုံးသတ်ခွင့်ရမှာမဟုတ်ဘူး…သူဖန်တီးလိုက်တဲ့ မိုနာလီဇာက သူ့ကိုသတ်သွားတယ်
                                                                                                                      ရွှေ ကြယ် မိုး

No comments:

Post a Comment