Sunday, January 6, 2013

တမာ




















အရာရာကို နာမည်အသစ်ပေးနိုင်ဖို့
စိတ်ကူးထဲက ‘တမာ’ကလွဲလို့ အားလုံးခါးတယ်

မြင်းခွါလိုအသံတွေ ကမ္ဘာတစ်ခုစာ ထောင်းလမောင်းကြေ
ပန်းရနံ့ဆန်ဆန်မှတ်စုတစ်ခု…တစ်ရက်ပြီးတစ်ရက်
ပြာမှိုင်းညှို့တက်လောက်အောင် အလှမ်းဝေးခဲ့ကြတယ်

မှတ်စုစာအုပ်ပေါ်က လက်ရေးလက်သား လှလှကလေးက
အရမ်းကို အထီးကျန်ဆန်သွားတဲ့ညတွေအတွက် ဖြေဆေးတစ်ခွက်
ဘာမှန်းကို မသိလိုက်ရဘူး…တစ်ညပြီးတစ်ည အဲ့ဒီ့ညတွေဆီ
လွင့်လွင့်ထွက်နေမိတယ်…တစ်ရံတစ်ခါတွေက အရမ်းကို
လစ်ဟာသွားတာပဲ…လွန်သွားတဲ့ကာလတွေ ပြန်လှည့်မရဘူး

နောက်ဆိုရင် အမှုန်မွှားလေးတစ်ခုကစလို့ သတိရှိရတော့မယ်
မထင်ထားတဲ့ အမှတ်မထင်မှုတွေက ငါ့သမိုင်းကို ရေးသွားတယ်
သေပြီးနောက်မှာ ဘ၀တွေ\သံသရာတွေ ရှိတယ်ဆိုတာ ငါမယုံဘူး
နင်လည်းဒီလိုမျိုးဆိုရင် လက်ရှိဘ၀ကအရမ်းကို အဓိပ္ပါယ်ပြည့်စုံသွားမှာပဲ

ဒီမြစ်ကြီးကိုဆန်တက်သွားရင် မြို့လေးဆီကို ရောက်မယ်မှန်းသိပေမယ့်
တစ်ယောက်နဲ့ တစ်ယောက်ဟာ ဟိုးရှေးရှေးတုန်းကဆိုတဲ့ ပုံပြင်တွေထဲ
ရောက်မှန်းမသိ ရောက်ရှိခဲ့ကြ…တိမ်တွေက အပြီးတိုင်ပြန်မလာတော့တာ

မိကျေးတမာ ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိအောင်
တမာပင်တစ်ပင်စိုက်ထားကြောင်း၊ အဲ့ဒီ့ တမာပင်ကို
လူသားဆန်စွာချစ်ခဲ့မိကြောင်း ဟာသတွေပြောလို့ဆိုလို့ပေါ့

တစ်ခါတစ်ရံတို့ရဲ့ဇာတ်လမ်းဟာ ကြောက်ခမန်းလိလိ လူးလွန့်နေတော့တယ်
ငါတို့ထိကရုန်းပင်တွေရဲ့ သမိုင်းမှာ ချစ်ခြင်းဆိုတာ ပြီးပြည့်စုံတဲ့ဘ၀ မဟုတ်ဘူး
တမာ…ဆေးဆိုးပန်းရိုက်ထားခြင်းမရှိတဲ့ အခါးတွေကိုပဲ ဂုဏ်ယူနှစ်ခြိုက်ခဲ့ပါတယ်

အန္ဓလူသားရဲ့ ကျောရိုးထဲကဖောက်ချထားတဲ့ ချဉ်ဆီတစ်စက်နဲ့
မင်းရဲ့ အခက်အလက်တွေ လဲ့ဖြာထွက်သွားရစေမယ်…ယိမ်းယိုင်ပြိုလဲနေတဲ့
သွေးကြောတွေထဲက သွေးတွေဟာ မင်းရဲ့ ရာသီစိုက်ခင်းလေးကို
နွေအခါမှာ စိမ်းစိုနေစေလိမ့်မယ်

တမာ…မင်းဘယ်လောက်ခါးခါး မင်းရှင်သန်နေခြင်းဟာ ငါ့ရဲ့ ဆေးဖြစ်ဝါးဖြစ်ပဲ
                                                                                    ရွှေ ကြယ် မိုး

No comments:

Post a Comment