Sunday, November 25, 2012

ငါတို့ရဲ့ ဖြစ်တည်မှုပဓါနတွေ ငါတို့ရဲ့ ဝေးကွာချိုမြိန်ခြင်းတွေ



ဒီတစ်လပြီးရင် ပြန်ခဲ့မယ်ဆိုပေမယ့်
ရောက်မသွားဖြစ်ပြန်ဘူး
တက်တက်လာနေတဲ့ ဒဏ်ရာတွေကို
အဖော်လုပ်ပြီး ဆေးလိပ်နဲ့ မြည်းနေတယ်

ကလေးရေ
တစ်ခါတစ်ရံဆိုတာတွေက သိပ်ကိုကြာတတ်တယ်
ကန့်လန့်ဖြတ်လမ်းပေါ်က အနာတရတွေကို သယ်ပိုးရင်း
စိတ်ကြိုးတွေက ငါ့ဆီကို လွင့်နေပြီလား
ဒီမှာ မင်းကမ်းပေးနေကျ စီးကရက်တွေက
အရင်လို ငါ့ကို မချိုမြိန်စေဘူး

အခွင့်ကြုံရင် ဖွင့်ထားတဲ့ တံခါးကို
အလင်းတွေနဲ့ လာခေါက်မယ်
ပညတ်ထားတာတွေ ရှိလဲ ရှိပါစေပေါ့
တို့ရဲ့ တရားကို တို့အောင်နိုင်တယ်
တို့ရဲ့ ကြမ္မာကို တို့ဖန်တီးနိုင်တယ်

အဆင်မပြေမှုတွေက ဘယ်တော့မှ အသားမကျဘူး
ဒီတစ်ခါပြန်လာရင် မင်းဧရာဆိပ်ခံတံတားပေါ်မှာ
ညလုံးပေါက် ဂစ်တာထိုင်တီးရင်း  မင်းကို အားပါးတရကြည့်မယ်
မင်းနွှဲခဲ့သမျှ တိုက်ပွဲတွေကို စီးကရက်ဖွာရင်း နားထောင်မယ်

စိတ်ဆင်သမျှ အတွေးတွေကတော့ မင်းဆီမှာချည်းပဲ
ဒဏ်ရာတစ်ခါရတိုင်း ဘုရားမှာ တစ်ခါဆုတောင်းတုန်းပဲလား
လူအဖြစ်ကို သေးသိမ် နိမ့်ကျစေတဲ့ အပြုအမူတွေကို မလုပ်နဲ့ကွယ်
တို့တွေဟာ လူသားတွေဖြစ်တယ်
ဘယ် ဘာသာရေးကမှ တို့ကို လာမကယ်နိုင်ပါဘူး ကလေးရဲ့

ဒုက္ခတွေ ပင်လယ်လိုဝေနေတတ်တဲ့ မင်းတစ်ယောက်
မခေါ်ပဲရောက်ရောက်လာတတ်တဲ့ အမှားတွေအတွက်
မြင်မြင်သမျှကို တိုက်ခိုက်မပစ်လိုက်ပါနဲ့


လူတွေအကုန်လုံးက
မီးကို ရှာဖွေမတွေ့ရှိခင်တည်းက ဒုက္ခတွေအတိနဲ့ ပဲ
တို့တတွေရဲ့ အမှားတွေဟာ အမှန်တွေလည်းဖြစ်နေရဲ့
ရင်ကိုဖွင့် မျက်စိကိုဖွင့် ရင်ဆိုင်ကြစို့လေ

ငါတို့တွေ အဓိက ယုံကြည်ရမှာက
ကဗျာတွေဟာ ထာဝရကို ဖြစ်ပေါ်စေတယ်ဆိုတာပဲ ကလေးရေ
လင်းချင်းရာလင်း ထင်းချင်းရာထင်းကြပါစေ
တို့ရဲ့ အဆင်းကို တို့ကြေနပ်စို့ရဲ့
ငြင်းချင်သူတွေလည်း ငြင်းကြပါစေ

သေချာတာက
ဒီလို လဲ့ဖြာမှုမျိုးတွေနဲ့ဆို
တို့သမိုင်းဟာ မွှေးမြနေမှာပါပဲ
ကလေးရေ
မင်းအတွက် အနာဂါတ်ဟာ ခုချိန်ပဲ
ပြန်ဆုံကြမယ့်အချိန်တွေ ဝေ့၀ိုက်လာမှာ အသေအချာပဲ
ပတ်ဝန်းကျင်ဆိုတာ ဖြေဆေးနဲ့အဆိပ် တပူးတတွဲအမြဲရှိတယ်
လူလိုသူလိုအမှားတွေနဲ့ လူတွေကြားတွေ ရဲရဲမှားနိုင်ပါစေ…
ရဲရဲမှားနိုင်ပါစေ…က…လေး…ရေ။                 
                                                       ရွှေ ကြယ် မိုး

No comments:

Post a Comment