Saturday, November 10, 2012

နင်ရေးတဲ့ ကဗျာတွေကို ပထမဦးဆုံး ကွန်းမန့်ပေးသူ ငါသာဖြစ်ရပါလို၏-

ဒင်္ဂါးပြားကို လက်နဲ့လှည့်
ကျလာတဲ့ တစ်ဖက်ဟာ မင်းဖြစ်ပြီး ကျန်တစ်ဖက်ဟာ ငါဖြစ်တယ်

ဝတ်မှုန်တွေကို လက်ဖြန့်ကူး
ရနံ့ခတ်သံတွေရဲ့ အစွန်ဖျားနှစ်ဖက်မှာ မင်းနဲ့ငါ ထိုင်နေတယ်

ဟိုဟို ဒီဒီ လူးလားခေါက်တုံ့
အစုန်အဆန်ဝဲဂယက် အကွေ့တစ်ခုမှာ မင်းနဲ့ငါ ဖြစ်တည်တယ်

မင်းကော…/ ငါ့လို
အရပ်တကာလှည့်ပြီး သင်္ခါရပန်းတွေ ပွင့်ဝေပေးဖူးလား
လောကအထုပ်ကိုဖြည် အရပ်တခွင် သစ္စာတွေဆိုဖူးလား
ကန်စပ်မှာထိုင် ကန်ရေကိုမကြည့်ပဲ ဘ၀ကို ငေးရီခဲ့ဖူးလား
ဆေးဆိုးပန်းရိုက်စာမျက်နှာပေါ် ဗလာအိတ်ကပ်ကို တင်ဖတ်ဖူးလား

မိမိကိုယ်မိမိ ပြင်းထန်စွာ မိုးမှောင်ကျခဲ့သူတို့ တွဲလက်များ မြဲခဲ့စေ   
ပုံ- ပြဌာန်းခံတရားရုံးတော်

သူရဲကောင်းတွေက ကဗျာပန်းတွေပွင့်တယ် တဲ့
ငါတို့ဟာ ဖြစ်တည်မှုကို ကျမ်းကျေခဲ့
ငါတို့ဟာ ကဗျာပန်းတွေ ရဲနေအောင်ပွင့်ခဲ့
ငါတို့ဟာ ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ကျော်လွန်ခဲ့
အခြေနေတွေကွာခြားနေပေမယ့် ငါတို့ဟာ ပူးတွဲတရားခံတွေ

ကဗျာဆိုတာ လူမှုဘ၀ရဲ့ လက်မောင်းသွေးတွေကို ဆက်စပ်ပေးတယ်
စုန်းစုန်းနစ်အမှန်တရားတွေ ပိန်းပိတ်အောင်မှောင် မင်းလက်မောင်းက ကျတဲ့သွေး
    ငါသာဦးဆုံး ရှိုက်ယူစပ်ယှက်ပါရစေတော့…။    ။
                            ရွှေ ကြယ် မိုး
        

No comments:

Post a Comment