Tuesday, October 8, 2013

ငါတို့ရဲ့ ရွှေပြည်တော်ထဲ နေ့စွဲများ




အတည်ငြိမ်ဆုံးစိတ် အိပ်မက်တွေကို ဖျက်ချထားတယ်
ပြန်မလာတော့မယ့် ခရီးရှည်ကြီးဆီ ယုံကြည်ရာတွေ ထုဆစ်ရင်း
အတူတကွ သွားကြတာပေါ့လေ
လူတစ်ယောက်ကို တစ်ချိန်ကြရင် ကျန်လူတစ်ယောက်က
စွန့်ခွါကြဦးမှာပဲထင်တယ်…ကြည့်လေ…တစ်စက်စက်ယိုဖိတ်နေတဲ့ ဖြစ်တည်မှုတွေ
စွန့်လွှတ်မှုကို အနစ်နာမခံနိုင်တဲ့အခါ ရရှိရတဲ့ နာကျင်မှုတွေလို
မှားခဲ့သမျှအတွက် တာဝန်ပြန်ကြေချင်တဲ့ စိတ်တွေ
အားလုံးအတွက် အသင့်အနေအထား ပြင်ဆင်ထားခဲ့
အတိုင်းအတာမရှိ ကတိစကားဟာ သံမဏိဆန်တယ်
ဒါ ကိုဝင်းကို ပြောတဲ့ ချစ်ခြင်းမေတ္တာကြောင့်တော့ မဟုတ်ဘူး
ညဘက်ပျင်းလာပြီဆိုတာနဲ့ ဖုန်းနံပါတ်ကိုနှိပ်ပြီး တာဝန်တွေကို
နားထောင်နေခဲ့တယ်… အရေးကြီးတာက နားလည်မှုတည်ဆောက်ဖို့ပေါ့
ခုတော့ စိတ်ရောကိုယ်ပါစွမ်းအားမြှင့်သင်တန်းမှာ မြှုပ်နှံထားရတယ်
ဖုန်းတွေအပြန်အလှန်ချိတ်ဆက် လှုပ်ရှားမှုတွေပြတ်တောက်
ကျောထောက်နောက်ခံတွေကွာဟခဲ့ကြ…ရဲဘော်ဆန်ဆန် လက်တွဲလုပ်ချင်စိတ်တွေ
ဘယ်လိုပုံစံတွေနဲ့ တစ်ယောက်တည်းဖြတ်သန်းနေမယ်တွေးတိုင်း
သင်ခန်းစာတွေပြတ်တောက်ကုန်တယ်…အိတ်ဇစ်ဝါဒီကဗျာဆရာတစ်ယောက်
ခံစားချက်အကုန်ချိတ်ပိတ်ထားရပြီး အရေးတကြီးပို့ချချက်တွေမှာ စိတ်နှစ်ထားရတယ်
အမြင့်ရောက်လေ လေတိုက်ခံရလေ…တာဝန်များတစ်ရက်ပြီးတစ်ရက်ထပ်တိုးလာခဲ့
ကျန်နေခဲ့တဲ့တို့လို့တန်းလန်း အစီရင်ခံစာတွေထဲ တစ်ယောက်တည်းစိတ်ဖိစီးနေမလားတွေးပူ
အားလုံးနဲ့ဝေးရာတစ်ကိုယ်တည်းရောက်ရှိ…တစ်ချို့ နေရာတွေမှာ ကိုယ်ကိုယ်တိုင်
အနာခံပေးဖို့လိုမှန်း သိသိလာတယ်…Xin Xing တစ်လိပ်နဲ့ ဖိုင်တွဲတစ်တွဲလုံးကို
ဆုပ်ကိုင်ထားရင်း…ခုထိမဖြည်ရသေးတဲ့လက်သီးဆုပ်မှာ တစ်ယောက်တည်းဗျာများနေမှာကို
စိုးရိမ်စိတ်တွေပါတယ်… သက်ပြင်းချနေတာကို အရင်ထဲက ကြည့်ချင်ခဲ့တာမဟုတ်ဘူး
ခင်ဝမ်းရဲ့  နှုတ်ဆက်ခဲ့ပါတယ် သီချင်းနားထောင်တိုင်း အရင်ကထက် ငြိမ်ဆိတ်မိတယ်
ရဲဘော်ရဲဘက်ဆန်ဆန်ရှင်သန်မှုတွေကိုပဲ တောင့်တမိပေမယ့်
တစ်ချိန်ကြရင် လိုလိုမယ်မယ်ဆောင်ထားတဲ့ ဓါးမြှောင်ဟာ ငါ့နောက်ကျောအတွက်
ဖြစ်သွားမလား… အချိန်စွန်းတန်းတွေနှစ်ဖက်လုံး တရွေ့  ရွေ့  ပဲ့ကြွေခဲ့တယ်
အရာအားလုံးအတွက် ငြင်းဆန်ခွင့်မရှိတဲ့ ပေးဆပ်သူတစ်ယောက်ပါ
ကိုယ်နိုင်ရာပစ္စည်းတွေနဲ့ပဲ ပစ်ပေါက်ကြတာပေါ့
အရေးကြီးတာက ဒီဖန်သားပြင်ကြီးကွဲကျသွားဖို့ပဲလေ
နေညိုချိန် အိပ်တန်းပြန်လမ်းရဲ့  ဆန့်ကျင်ဘက်ဆီ ပျံသန်းကြမယ့်
ငှက်တွေနဲ့အတူ ခရီးထွက်ကြဖို့ …နဲ့
ပြန်မလာတော့မယ့် ခရီးရှည်ကြီးဆီ အတူတကွသွားကြဖို့
ငါ သင်ခန်းစာတွေကို ကြိုးစားသင်ယူနေတယ်
အစက်ကလေးတစ်စက်ပဲဖြစ်ပါစေ
ငါ ရောက်အောင် ဆက်ဆက်လာခဲ့မယ်။           
                                         ရွှေ ကြယ် မိုး

No comments:

Post a Comment