Friday, October 26, 2012

ဘာမှမရှိတဲ့ငါ့ကို မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက်လာလာညှို့နေကြ


ပန်းမရှိပဲ ပွင့်ပွင့်ပြနေရတဲ့ လူ
ရနံ့ချိုလဲ့တွေ တပုံတပင်နဲ့ ၀မ်းဗိုက်ဖြည့်
မြင်မြင်သမျှကို မွတ်သိပ်ဆာလောင်
အရှက်ဓါးနဲ့ ကိုယ့်ကိုကိုယ် ပြန်သတ်ခဲ့ရတာတွေလည်း
မနည်းတော့ဘူး

လောကဓံပြင်ကျယ်ကြီးထဲ ၀ါသနာ စက္ကူလှေလေးတွေ ရွက်လွှင့်
ကြယ်ကြွေတွေလိုက်ဆယ်ရင်း မှောင်ခဲ့ဘူးတယ်

မြက်တစ်ပင်ကို ဆုပ်ရင်း ရေနစ်ခဲ့တယ်
ဟင်းလင်းပြင်ကြီးထဲမှာ ငါတစ်ယောက်တည်းလား
ဘာပဲဖြစ်ဖြစ် ဓါးဝံ့ခဲ့တယ်
ခင်ဝမ်းရဲ့ ပန်းခရမ်းပြာဗေဒါလှိုင်းကို
အကျယ်ကြီးအော်ဆိုတယ်
မိုးမှောင်ညဆိုတာကို သိခဲ့တယ်
ခိုက်ခိုက်တုန်အောင်ကို ငိုခဲ့တယ်

တောင့်တတဲ့အဆင်းက ခုချိန်ထိ
အလင်းမလုပ်နိုင်သေးဘူး
စီးကရက်တစ်လိပ်တောင် မသောက်နိုင်တဲ့ လူအတွက်
ဝမ်းဗိုက်ဆိုတာ မီးတောင်တစ်ခုအလားပဲ
တစ်ခဏတာလေးတွေကိုလည်း ဘ၀ဆုံးလောက်အောင်
တွေးလုံးထုတ်ခဲ့တယ်

ဘာဆိုဘာမှ မရှိတဲ့လူပါ
အဲ့ဒီ့ဘာဆိုဘာမှ မရှိတဲ့လူကို
မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက် လာလာညှို့နေကြ
ငါဟာ ကဗျာဆရာ…အကြည့်တွေကို မရှောင်နိုင်ဘူး
ချိုတဲ့နှုတ်ခမ်းမှာ နစ်မွန်းတယ် စူးတဲ့အကြည့်မှာ ပွန်းပဲ့တယ်
ထမင်းအရမ်းဆာနေတဲ့ အခါတွေလိုမျိုး
သူတို့ရယ်သံတွေက ငါ့ကို ရှက်ရွံ့တုန်ခါစေတယ်


ကြွေတဲ့ ကမ်းကိုလည်း နမ်းခဲ့တယ်
ခြွေတဲ့ လမ်းကိုလည်း လှမ်းခဲ့တယ်
ကပ်လွဲခဲ့တယ်…တေ့လွဲခဲ့တယ်
သေကွဲကွဲတယ်…ရှင်ကွဲကွဲတယ်
ခါးသက်ခဲ့တယ်…ချိုမြခဲ့တယ်
မြိုချခဲ့တယ်…ထွေးထုတ်ခဲ့တယ်

ဘာဆိုဘာမှ မကျန်ဘူး
မိသားစုအရိပ်က ငါ့အတွက် ခါးတယ်
အဲ့ဒီ့ဘာဆိုဘာမှ မရှိတဲ့ငါ့ကို
မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက်
လာ-လာညှို့နေကြ…။                    
                            ရွှေ ကြယ် မိုး

No comments:

Post a Comment