အဲ့ဒီ့အလင်းတွေ ဘယ်မလဲ ဖြူဖြူ
တောင်စွယ်ကလမင်း ယွန်းလို့သွားပြီ
ဆို့နင့်ကြေရှနေတဲ့ ရင်ဘတ်ကို
ဘယ်လိုဘယ်ပုံ အလင်းတွေနဲ့
ဘယ်လိုဘယ်ပုံ ဖြေသိမ့်ပေးရတော့မလဲ
ပြောခဲ့ပါ…ဖြူဖြူ…..ဖြစ်နိုင်ရင်
ပြောပြခဲ့ပါ….
လက်တွေတွဲထားခဲ့ပါလျက်နဲ့
အဲ့ဒီ့ညနေမှာငါတို့အပြီးတိုင်ဝေးခဲ့ကြတယ်
ရီဝေစူးရှတဲ့…..ရနံ့တစ်စုံ
မစားဖြစ်ခဲ့ကြတဲ့…..ပီကေတောင့်များ
ဓါတုဆိုးဆေးမပါသော…..ဆံနွယ်စများ
ကဗျာဆန်ဆန်……အပြုံးဝိုင်ချိုများ
ခုတော့…အပြီးတိုင်ဝေးခဲ့ကြပါပြီ
ကျက်သရေအလင်းတွေဆောင်လာသူဟာ…နင်
ဘယ်စစ်ပွဲကိုမဆိုမုန်းတီးခဲ့သူဟာ…နင်
စိမ်းနုရောင်၊ ပန်းနုရောင်တွေကိုကြိုက်ခဲ့သူဟာ…နင်
ခုတော့…
ကားနှစ်စီးကြောင့် မြေဇာပင်ဖြစ်ခဲ့ရသူဟာ….နင်
ဘယ်ကြမ္မာဆိုးတွေကများ ငါတို့ကိုအလစ်ဝင်စီးခဲ့ကြပါလိမ့်
ငါချစ်တဲ့ဖြူဖြူ အုတ်ဂူပြာလေးထဲမှာ
ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့
အိပ်စက်နေရော့ပြီ…
ပြန်ပါဦးမယ်…..
ပြန်ပါဦးမယ်….
ခြေထောက်တို့မြေပြင်နှင့် မထိကြ…
ကောင်းကင်ဟာ ငါ့အောက်မှာများလား…?
တိမ်တွေဟာ ငါ့အနောက်မှာ များလား…?
ပန်းနုရောင်လွယ်အိတ်တစ်လုံးနဲ့
အနက်ရောင်လွယ်အိတ်တစ်လုံးတို့
ညင်သာစွာထိတွေ့ပြန်ခဲ့ရတဲ့ အိမ်ပြန်လမ်းတွေ
ကြွေလင့်လို့သွားခဲ့ပြီ…..
အဲ့နောက်တော့…..
တုန်ရီချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့
နိုဝင်ဘာ11ရက်နေ့တိုင်း
လူတစ်ယောက်
နင့်ဘေးမှာ ကဗျာတွေလာရွတ်နေလိမ့်မယ်…
အခုတော့…ဖြူဖြူရေ
ငါဟာဖျော့တော့တော့ ပေပေတေတေ
ကဗျာဆရာတစ်ယောက် ဖြစ်လို့နေပြီကွဲ့
နင်ရှိတုန်းက လင်းချင်းခဲ့တဲ့ကဗျာဆရာ…
ခုတော့…မကြားမှန်းသိလျက်နဲ့မေးမိနေတယ်
“အဲ့ဒီ့အလင်းတွေ ဘယ်မလဲ…ဖြူဖြူ”
ရွှေကြယ်မိုး
No comments:
Post a Comment