အရမ်းကို
မက်မပြေဖြစ်နေတဲ့
အိပ်မက်တွေရဲ့
တောင်နရံမှာ
တစက်စက်ကျနေတဲ့
ရေစက်လေးဟာ
မြို့လေးတစ်မြို့မှာ
ကျန်နေရစ်ခဲ့တဲ့
မိန်းကလေး
တစ်ယောက်ပဲဖြစ်တယ်
ကွယ်
မှတ်မိပါသေးတယ်
စုန်းမီးတလဲ့လဲ့
နှင်းခိုးရိုက်မျက်ဝန်း
ကြည့်စမ်း
နောက်ဆုံးအနမ်းတွေက
နွမ်းလျခဲ့လိုက်တာ…
တွေ့ဆုံကြုံကွဲလောကမှာ
သူတစိမ်း
အထိအတွေ့တွေနဲ့
အသက်ရှုတိုင်းနာနေတဲ့
အနာတွေ မကျက်သေးသ၍
ဘယ်…ပြန်ဆုံနိုင်ကြပါ့မလဲ
တို့တတွေ
စွန်းထင်းလှပခဲ့ကြ
တို့တတွေ
ငေးမောတွေရီခဲ့ကြ
တို့တတွေ
ခိုးခိုးခစ်ခစ် ရှိုက်နင့်ခဲ့ကြ
“နှုတ်ဆက်ပါတယ်…
အရာရာကို
အမှတ်တရ ရှိနေပါ့မယ်”လို့ပြောပြီး
ငါ…ထွက်ခွါခဲ့ရတယ်
အခု
ဘယ်အိပ်မက်တွေဆီမှာ
ပျော်ဝင်လို့နေပြီလဲ…
တစ်ယောက်နဲ့
တစ်ယောက် ဝေးခဲ့ပြီ
တစ်မြို့နဲ့
တစ်မြို့ ဝေးခဲ့ပြီ
လယ်ကွင်းပြင်
အဝေးပြေး လမ်းမတွေ ခြားခဲ့ပြီ
အနာတရတွေက
များလိုက်တာကွာ
မမောမပန်း
တံတွေးခွက်တွေကြား လက်ပစ်ကူးနေတဲ့
လူတွေကြားမှာ
မင်းလဲ ပင်ပန်းနေမှာပေါ့
မိုးမြေအနှံ့
ပြိုင်းပြိုင်းထနေတဲ့
တို့တွေရဲ့
ပျော်ရွှင်ဖွယ် ရိုးတံတွေ
မင်း…ရိတ်သိမ်းလိုက်စမ်းကွယ်
ဘ၀ကို
လှတယ်ဆိုရုံလေး
လှပဖို့
မကျက်နိုင်တဲ့
ဒဏ်ရာတွေကို
မကျက်နိုင်မှန်း
သိလျက်နဲ့ပဲ
အရာရာကို
ကျောခိုင်းလို့
နှုတ်ဆက်ခဲ့ပါတယ်…
ဝေ့၀ဲနေတဲ့
မျက်ရည်တွေကို သိမ်းရင်း
ဆံမြိတ်ချထားတဲ့
ဆံပင်လေးတွေကို နမ်းရင်း
ညဥ့်နက်ဂစ်တာသံတွေကို
မင်းဧရာတံတားပေါ်မှာ တီးခေတ်ရင်း
ဧရာဝတီတစ်ဖက်ကမ်းက
ပေါ်တော်မူစေတီကို ဖူးရင်း
ငါ…နှုတ်ဆက်ခဲ့ပါတယ်
မြို့လေးဆီက…’ငါ’
ဆိုတဲ့
ကားတစ်စင်း
တစ်ရိပ်ရိပ်မောင်းထွက်ခဲ့ရာ
ရွာများ…လယ်ကွင်းများ
ရိုးပြတ်များ…ချောင်းလက်တက်များ
တဖျပ်ဖျပ်ကျန်နေခဲ့
ခုတော့…လအဆက်ဆက်လက်တံတွေထဲမှာ
ဟောင်းနွမ်းကျန်ရစ်ခဲ့ပြီလေ…။ ။
ရွှေကြယ်မိုး
No comments:
Post a Comment