Sunday, March 30, 2014

မောင်- ကဗျာရှည်


၁)
မိုးတိမ်တွေညိုမဲလာရင်
ပိတ်ထားရတဲ့ လှေဆိပ်လေးလို
အမှန်တရားဟာ ဘယ်တုန်းကများ
အခွင့်သာခဲ့လို့လဲ

ဘယ်သူမှ ဒီအတိုင်းပဲ
မထားခဲ့ကြပါနဲ့
ရိုးသားတဲ့ မဖြူစင်ကို ကူပါ
ကျွန်တော့်ကို ပေးမယ့်
လက်ခုပ်သံတွေအစား
မဖြူစင်အတွက်
ဆေးတွေကို ပေးပါ

သူသူကိုယ်ကိုယ် ကြောက်ခဲ့ကြသလို
အခက်အခဲဆိုတာ ဘယ်တော့မှ
တရားမျှတမှုမရှိခဲ့ပေမယ့်
သောက်နေကျ ဆေးလိပ်လေးနဲ့
လပြည့်ညကို ကုန်ဆုံးရဲသလိုမျိုး
လဲကျရင်ပြန်ထဖို့ ပြန်ခုခံဖို့
မဖြူစင်အတွက် မောင်ရှိနေတယ်

ကုပ်ကိုပင်အို လွမ်းရိပ်ညို ဆိုလား
ဟောဒီ့လမ်းကလေးရဲ့  အုံ့ဆိုင်းမှုအောက်မှာ
ဟိုဘက်ကမ်းကမဖြူစင်အတွက်
ဒီဘက်ကမ်းက မောင် ရှိနေတယ်

အနာတခြား ဆေးတခြား
လောကကောင်းကင်ကြီးအောက်
ဘယ်တော့မှ ထာဝရမဆန်တဲ့
မမြဲခြင်းတွေကို လျစ်လျူရှုရင်း
မဖြူစင်ရဲ့ ဖြစ်တည်မှုအတွက်
ဒီဘ၀မှာ မောင်ရှိနေတယ်

ရေမြေခြားမှုတွေ
အနာမရင်းဖို့ ဒီဆောင်းမှာ
ကိုက်ခဲမှုမှန်သမျှ
တွန်းလှန်ရင်း
မဖြူစင်ရေ
မောင်ရှိနေတယ်

(၂)
နန်းဆန်တာ ခေတ်မှီလာသလို
မဖြူစင်ရဲ့  ဟန်တွေ ကဗျာဆန်လာခဲ့တယ်
ဂန္တ၀င်ထဲက မိန်းမပျိုတစ်ယောက်လိုလည်း
တဖြည်းဖြည်းချင်း ဖြူဖျော့နွဲ့နှောင်းလာတယ်

ထင်ထင်ရှားရှားဖြူစင်လာတဲ့အခါ
လိုချင်တဲ့အရောင်ကို ခြယ်ကြဖို့
လူတွေက မဖြူစင်အနား
ကျည်တောက်စွပ်ခြေလှမ်းတွေနဲ့
တိုးကပ်လာတာ ဘယ်ခံနိုင်ပါ့မလဲ
ယုန်နဲ့အတူပြေးရင်း
ခွေးနဲ့အတူလိုက်နေတဲ့
လူတွေရဲ့  နံရံကြီးကို
မောင်တို့အမြစ်တွေက
အက်ကြောင်းထစေခဲ့ပြီ
ဒီအမြစ်တွေကို ခုတ်ဖြတ်ဖို့ရာ
သူတို့ရဲ့  လက်တွေဟာ
သေဆုံနေးခဲ့တာ ကြာပြီလေ

ချစ်ခြင်းမေတ္တာကို
လူတွေက ငွေကြေးနဲ့ ၀ယ်ကြမှာ
နွား (၃)ရှည်းလား
လယ်ဧက (၂၀)လား
ငွေသိန်း (၂၀)လား

နေကွယ်ကွယ်ချင်း
ဆုပ်ကိုင်လိုက်မိတဲ့
မဖြူစင်ရဲ့ 
လက်ကောက်ဝတ်
သွေးကြောထဲ
မောင့်မီးခိုးဖြူတွေ
နီဆွေးစီးဝင်သွားတဲ့နေ့မှာ
ဟောဒီ့လောကကို
မောင်တို့နိုင်ခဲ့တာပေါ့

ကောက်ကောက်ပါအောင်
လိုက်သွားရမိမတတ်
မာယာပန်းတွေ ဝေနေတဲ့
လူ့ယန္တာရားကြီးက သူခြွေချပေးတဲ့
မီးပွါးတွေကို ငုံ့မနမ်းရကောင်းလား
ဒေါသထွက်လို့ ရန်ကုန်မြစ်ကို
ပိုကျယ်သွားသယောင်
ဆွဲဆန့်ပစ်လိုက်တယ်

(၃)
ဆေးလိပ်တွေနဲ့မှ
နေပျော်တယ်လို့ ပြောပြရင်း
စိုးရိမ်တတ်တဲ့ မဖြူစင်ရဲ့ 
မျက်ဝန်းညိုညိုတွေမှာ
နှစ်ယောက်သားသံယောစဉ်တွေ
မောင့်ကြောင့် ရောဂါရကုန်မှာ
စိုးရိမ်နေတယ်
မဖြူစင်

ကြည့်စမ်းပါဦး
မော့ကြည့်လို့ မြင်ရတဲ့
ကောင်းကင်ဟာ
မောင်တို့ အရိုင်းခေတ်ကြီးပေါ့

ကြမ္မာရိုင်းတော့
ဘယ်လိုအလှတရားမျိုးကိုမှ
လူသားဆန်ဆန် မဆက်ဆံတတ်ဘူး
၅၀၅ (ခ) လား
(၁၈) လား
ပြောစမ်း
မဖြူစင်ရဲ့  ဖြူစင်ခြင်းကို
ဘယ်ပုဒ်မတပ်ပြီး
ဖျက်ဆီးနိုင်မယ်တဲ့လဲ

အလွှာလိုက်မြင်နေရတဲ့
နှုတ်ခမ်းပါးမှာ
နာကျင်နေတဲ့
မျက်စိသူငယ်အိမ်အတွက်
ကြယ်တွေဝေနေတဲ့
သီချင်းတွေရှိမှန်း
မောင်သိတယ်

တစ်ယောက်နဲ့တစ်ယောက်
မမေ့မလျော့ ရှင်သန်ကြရင်း
မြစ်တစ်ဖက်ခြားရက်စွဲတွေမှာ
မဖြူစင်ဝယ်ပေးခဲ့တဲ့
ဂျိုးသိန်းဆေးပေါ့လိပ်လေးတွေနဲ့
ကဗျာပန်းတွေ ဒို့ကျောင်းအရိပ်အောက်
ဖူးဖူးရွရွ ၀င့်ဝေခဲ့တာပေါ့

အဇဋာ ဘယ်လောက်ငိုငို
ရင်ထဲက မိုးတွေ ပြိုမကျမိဖို့ပဲ
အရေးကြီးတယ် မဟုတ်လား မဖြူစင်

ဒလမြစ်လို့ပဲခေါ်ခေါ်
ရန်ကုန်မြစ်လို့ပဲခေါ်ခေါ်
မောင်တို့ကြားက
ဇင်ယော်တွေ ကဗျာဆန်ဆန်
တောင်ပံခတ်တတ်ပုံကို
ကြည့်စမ်းပါဦး

(၄)
ရင်ဘတ်ထဲ ဘယ်လောက်ပဲ
နှင်တွေ ဝေနေ ဝေနေ လူ့ဝန်းကျင်ဟာ
ကြောက်မက်ဖွယ်ရာ ခြောက်ခန်းရင်း
စိတ္တဇဟာ နှစ်ယောက်သားကို
သွေးလန့်လာစေတယ်

မဖြူစင်ရဲ့  ရွာအ၀င် ပုံပြင်တွေကို
တောထုတ်လို့ရရင် မောင်ကိုယ်တိုင်
သံပုံးတွေတီး ဟိုးအဝေးကို
မောင်းထုတ်ပြချင်တယ်ဆိုတာ
မောင်ခင်တွယ်ရတဲ့
မောင့်အတ္တ အစစ်အမှန်ပါပဲ

လောကဓံကို မပွေ့ပိုက်ရင်တောင်
လောကဓံက မောင်တို့ကို လာ ပွေ့ပိုက်မှာပဲ
မိသားစုအရေးတွေ ကြမ်းတမ်းနေပြီလား
ကျမျက်ရည်ချောင်းဖြစ်နေတဲ့ ပါးပြင်လေး
မောင့်ကို အမြဲတမ်း နာကျင်စေတယ်

ဘ၀နဲ့ ဆန္ဒ တစ်သားထဲ မကျလည်း
မိုးကုတ်စက်ဝိုင်းတွေ အထပ်ထပ်ဆီ
လျှောက်လည်နေကြဦးမယ်
အိပ်မက်အလွန်က စိတ်ကူးအိမ်မှာ
အချိန်နာရီတွေ ထပ်တူဖြစ်နေကြဦးမယ်

ဒီကမ္ဘာကို
မောင်ဖန်တီးခဲတာ မဟုတ်သလို
မဖြူစင်ဖန်တီးခဲ့တာလည်း မဟုတ်ခဲ့
အများသူငါ ပြောပြသလို
ထာဝရဘုရားရဲ့  ဖန်တီးမှုမှာ
ဘ၀တွေကို လုံးပါးပါးခံရမလား

ထူးခတ်ခံနေရတဲ့ ဘ၀မှာ
မြေနိမ့်ရာ လှံထပ်စိုက်ခဲ့ရသလို
ဘယ်ဗျိုင်းမှ မနားပဲ လေရိုင်းတွေဝှေ့တိုင်း
ပေါက်ပင်တွေလို ကိုင်းညွတ်ခဲ့ရတယ်

ပန်းတိုင်ကို မရောက်လည်း
နေပါစေတော့
အတိတ်မှာ စွဲကျန်ရစ်ခဲ့မယ့်
ဒီနေ့တွေမှာပဲ နေခဲ့ကြမယ်
ခန္ဒာကိုယ်တွေ ကျန်မနေခဲ့ရင်တောင်
မောင်တို့ရယ်သံတွေ ကဗျာတွေ အားလုံး
ဒီမြေက မြေသားမြေမှုန်တွေနဲ့အတူ
ကျန်ခဲ့ရမယ်

ကံကြမ္မာဆိုတာကို
ဖန်တီးခံလူတန်းစားတွေ
လွန်ဆန်ခွင့်မရှိဘူးဆိုရင်လည်း
ရ၀မ်ဒါက ဘ၀တွေလို
လည်စင်းပေးလိုက်ကြမယ်လေ

မမြဲခြင်းတရားမှာ
မောင်တို့ခံစားရသလို
ထာဝရဘုရားသခင် ကိုယ်တိုင်
တန်ပြန်ခံစားရပါစေသား…။



(၅)
ဒီအချိန်
ပိုက်ဆံငါးသိန်းရှိရင်
ဆူးလေတံတားပေါ်တက်
လာသမျှလူတွေကို
ပိုက်ဆံတွေ ဝေပေးမယ်ဆိုတဲ့
မောင်လို လူစားမျိုးအတွက်
သက်ပြင်းတွေ
ဘယ်နှကုဋေလောက်
ကြွေကျခဲ့ပြီးပြီလဲ မဖြူစင်

တစ်ချိန်ကျရင် မီးတောင်တစ်လုံး
မောင်တို့ဘက်ခြမ်းမှာ ပေါက်ကွဲထွက်လာမှာ
မဖြူစင်မကြောက်ပေမယ့်
ခြေတစ်လှမ်းကျွံခဲ့ဖူးတဲ့မောင်က
တတိတိနဲ့ ခြောက်လှန့်ခံနေရတယ်

အသက်ရှုနေသေးသ၍
မှားယွင်းခွင့်ရှိတယ်ဆိုတာ
သိပေမယ့်
မဖြူစင်ရဲ့  ဘ၀ထဲ
ကျွံကျဖို့ အသင့်ဖြစ်နေတဲ့
မောင်ဟာ
အဲ့ဒီ့လို ကျွံကျသွားခဲ့ရင်
မဖြူစင်များ နာကျင်ရဦးမလား
တွေးပူမိတယ်
ရေပုံးလေးနဲ့ ရေသွားငင်လေ့ရှိတဲ့
လှိုင်ရီရီခံတပ်ကလေး ခုအဝေးမှာ
မဖြူစင်ကော သွားလည်ဦးမှာလား
သံသရာဆိုတာ တကယ်ရှိခဲ့ရင်ဆိုပြီး
ရောဂါတွေတိုးလာနေလိုက်တာ
လက်ချောင်သွယ်သွယ်လေးထဲ
ပန်းချီဆန်တဲ့ မြစ်ပြင်လေးကို ပွေ့ချီရင်း
အနာဂါတ်အတွက် မောင်လာပြီ
မဖြူစင်ရေ အားလုံးအတွက်
မောင်လာပြီ

ပန်းချီဆန်တဲ့ လမ်းကလေး
ငေးရီကြည့်လို့ရတယ်
ကဗျာဆန်တဲ့ သီချင်းကလေး
နားထောင်တိုးညည်းလို့ရတယ်
ဒီဘ၀ဒီကာလထဲ
အတိတ်ကပန်းတွေ ပွင့်ုမြိုင်နေရမယ်
မဖြူစင်ရေ
မောင်လာပြီ

နောက်ဆုံးစစ်မြေပြင်ကို
ထွက်မယ့်
စစ်သူရဲကောင်းလို
မောင်လာပြီ
ချစ်ရပါသော မောင်လာပြီ
မဖြူစင်ရေ
(၆)
ခြံထဲ ချောင်းငံရေတွေ
လျှံတက်လာတုန်းက
အတွေးပေါက်ပြီး ရေးထားတဲ့
ကဗျာအပိုင်းအစလေး
နှစ်ယောက်သားအလယ်ခေါင်မှာ
သံနဲ့ရိုက်ထားလိုက်ပါလား

ကမ္ဘာမြေတစ်နေရာက
မြေစာပင်ဘ၀တွေကလည်း
နူးညံ့တတ်ပါတယ် ဆိုတဲ့
စကားပုံတွေကို
အသက်သွင်းပစ်ချင်သေးတယ်

နှစ်ယောက်သား ကြားက
မြစ်ကြောင်းလေးပေါ်
ဆေးလိပ်မီးခိုးတွေကတဆင့်
ပြောမပြဖြစ်သေးတဲ့
စကားတွေပျံတက်သွားတာရယ်
တစ်ယောက်အိပ်မပျော်တဲ့ညမှာ
တစ်ယောက်အိပ်မရဘူးဆိုတာတွေရယ်ဟာ
ယုံတမ်းစကားတွေမှ မဟုတ်တော့တာ

လူတွေကညစ်ထေးနေတယ်
ညီမလေးက မလိမ်မာဘူးဆိုတဲ့
မဖြူစင်ရဲ့  သက်ပြင်းလေးနဲ့
မောင့်လှေလေးကို အပြင်းလှော်ခဲ့တယ်
မောင်လာပြီ မဖြူစင်ရေ
မောင်လာပြီလေ

ကမ္ဘာပေါ်မှာ ရှိရှိသမျှသော
မီးတောက်တွေလို အစွမ်းကုန်တောက်လောင်ဖို့
မောင်လာပြီ မဖြူစင်ရေ
ချစ်တဲ့မောင်လာပြီ
အလင်းရောင် စိတ္တဇမှာ
အမှောင်ဘောင်ဘင်တွေ
ခက်ထန်နေပြီလား
မောင်လာပြီလေ
မဖြူစင်ရေ
မောင်လာပြီ

(၇)
လှိုင်းရဲ့  အရိပ်ဟာ
အမှန်တကယ်တော့
အိပ်မက်မြူတွေ မဟုတ်တန်ရာ
ဒီလို ပင့်သက်ရှိုက်လိုက်ရုံနဲ့
ဘယ်လို ကျောက်တောင်တွေ
အံတုတင်းခံနိုင်ပါ့မလဲ

စိတ်ကိုရွက်ကုန်ဖွင့်ပြေးတော့
ဒဏ္ဍာရီကမ္ဘာထဲ ပုံပြင်ကြီးတစ်ပုဒ်
ဖြစ်သွားတာပေါ့ မဖြူစင်

အိပ်မက်တွေ
ကြယ်လိုကြွေသွားတာ
ကြည့်ချင်သေးလို့လား
မောင်တို့ခေတ်ကိုက
စုန်းစုန်းနစ်သထက် နစ်ခဲ့တာ
အများသောက်တဲ့ မိုးခါးရေထဲ
မောင်တို့ အသွေးအသားတွေ
ခါးသက်မသွားဖို့ပဲ လိုမယ်

အမှောင်သန်းရုံကလေး
ပတ်ဝန်းကျင်ကို ဖြတ်ကူးကြည့်တော့
မမြင်ရခြင်းမှာ မြင်ရခြင်းတွေ
ကျဆုံးနိုင်ကြောင်း
သတင်းရတယ်

ဝေးတယ်ဆိုရုံကလေး
ဘ၀ကို ကျီစယ်ကြည့်တော့
မျက်ရည်မထွက်တဲ့ ငိုကြွေးခြင်းဟာ
ဟန်ဆောင်အပြုံးတွေကို
အသက်မဲ့စေကြောင်း
သိလိုက်ရတယ်

ခေတ်ကြီးကလှည့်ဖျားလိုက်
စိတ်ကစိတ်ကို လှည့်ဖျားလိုက်နဲ့
သံယောစဉ်အမျှင်တွေ
တန်းသထက် တန်းလာရင်း
တစ်ဖက်မှာ လောကဓံဟာ
အပျော့ဆွဲဆွဲလို့
ရှုံးနိမ့်ခြင်းနယ်ပယ်ကို
ချဲ့ ထွင်နေတယ်

ငယ်ငယ်တည်းက
စိတ်ကူးထဲအခါခါသာခဲ့တဲ့
အဖြူရောင်လေးအတိုင်း
တွေးတောသာယာနိုင်ဖို့
မောင့်ကို အဖြူရောင်လို့ပဲ
သဘောထားပေးပါ

မဖြူစင်ပေးခဲ့တဲ့
ဗေဒါရောင်ဘော့ပင်လေးဟာ
မောင့်ရင်ထဲက
အဖြူရောင်တွေကို
အမြဲတမ်း ကဗျာဖြစ်စေခဲ့တယ်

(၈)
ဓနိမိုးထရံကာလေးထဲမှာ ဖြစ်ဖြစ်
ဂူနန်းသမျှ နွေးထွေးတဲ့ တိုက်တာထဲမှာ ဖြစ်ဖြစ်
ဘယ်ရင်ခုန်သံကမှ ဟောဒီ့ခေတ်မှာ
ကြိုးညှိလို့ရတဲ့ ဂီတဖြစ်လာမှာ မဟုတ်ဘူး
မျဉ်းကောက်တွေနဲ့ စည်းမျဉ်းချထားတဲ့
နိုင်ငံတော်မှာ ဘယ်သူမှ မျဉ်းဖြောင့်ဖြစ်ချင်လို့
မရဘူး ဟုတ်တယ်မလား မဖြူစင်

သတ္တိရှိတယ်ဆိုတာ
ဘ၀ကို ဘ၀နဲ့ ရင်းပြီးမှ
ခန္ဓာကိုယ် နာကျင်ရမယ့် အဖြစ်မျိုး
ဟင့်အင်း
ဒီဘက်က ဘ၀တွေမှာ
မောင့်ကို စစ်ရှုံးခွင့်ပေးပြီး
အဖြူစင်ရဲ့  အဖြူရောင်ကို
ထာဝရပွေ့ဖက်ခွင့် ပြုလိုက်တော့နော်

အရေပြားတစ်ခုလုံး ဖောက်ချလိုရင်
ရွှေရောင်ဆံပင် ကွေ့ကွေ့ဝိုက်ဝိုက်အောက်က
ရေကြည်အိုင်မျက်ဝန်းကလေး
ထည့်ဖျော်ထားတဲ့
ဘယ်လောက်ကျဲကျဲ ရနံ့မပြယ်တဲ့
ကော်ဖီတွေ စီးကျလာမှာ သေချာတယ်

အိပ်မက်ထဲမှာ
အိပ်စက်နည်း အသစ်တွေလား
စိတ်ကို ဖမ်းမမိခင်
လေးလေးလံလံ လှုပ်ရှား
ညရဲ့  အသွေးအသားတွေ
စိတ်စိုထိုင်းမှိုင်းလာရင်း
ဇန်န၀ါရီဟာ
မြန်မြန်ဆန်န်
ပြီးဆုံးသွားသယောင်
လှည့်စားခံနေရတယ်

မောင့်ရဲ့ သွေးညိုရောင်
လက်ချောင်းတွေ
ဒီမြေမှာ စစ်တံခွန်တွေ
ရုတ်သိမ်းပြီးသွားသည်အထိ
အသက်ဓါတ်ကျန်ရှိဦးမလား
မဖြူစင်ကိုလိုချင်တယ်
မဖြူစင်ကိုလိုချင်တယ်
မဖြူစင်ကိုလိုချင်တယ်
ဒီလိုနဲ့ သွေးမလျှောက်တော့တဲ့
ဒီလက်တွေ မြဲမြံနေခဲ့တာပေါ့

လူတွေ
ဘယ်ဘာသာတရားကို
ကိုးကွယ်ကြပါစေ
အမှန်တရားမှာ
ကျွန်တော်သည်သာ
ဖြူစင်သူဖြစ်ရမည်ပေါ့
ဘယ်လောက်
ကြည်နူးစရာကောင်းသလဲ
မဖြူစင်

ဒါပေမယ့် ဟော့ဒီ့
အစိမ်းရောင်ခေတ်ကြီးမှာ
ပြုပြင်ပြောင်းလဲရေးအမည်တွေ
ခံကြရင်း မောင့်ဘ၀ဟာ
အကြိမ်တစ်ရာမက
ရှုံးခဲ့ပြီးပါပြီ

ဖြူစင်သူတွေ
ရှုံးနိမ့်ထွက်ခွါရတဲ့
လောကတဲ့လား
ကိုခင်ဝမ်းသီချင်းလေ
လွမ်းလွမ်းဆွေးဆွေး
ညည်းမိတယ်

(၉)
ဆေးခါးတစ်ခွက်ပေမယ့်
အထိအတွေ့တွေဟာ အားပိုရှိလာသလို
ဟောဒီ့သံသရာပတ်လမ်းကို
စွန်းထင်းခံရယ်သံတွေက
လှပတဲ့ အလှတရားဖြစ်အောင်
ချော့မြူလို့ ရှေ့ ဆက်ဖို့အားပေးလို့
မောင်လာပြီ မဖြူစင်ရေ
မောင်လာပြီ

လှမ်းမမြင်နိုင်တဲ့
နဂါးငွေ့တန်းတွေ အဆုံးထိ
လျှောက်လမ်းကလေးဟာ
ရှည်လျားသထက်
ရှည်လျားလာရင်း
မဖြူစင်ရေ
မောင်လာပြီလေ

ချစ်တဲ့
မောင်လာပြီ
အဝေးကို အနီးဖြစ်အောင်
မောင်လာပြီ
အလွမ်းကို အနမ်းဖြစ်အောင်
မောင်လာပြီ
မဖြူစင်ရေ…။ ။
ရွှေကြယ်မိုး

No comments:

Post a Comment