Sunday, July 21, 2013

ငါတို့ဟာ ငါတို့ချင်းသိပ်ချစ်ကြတာကလွဲလို့ စစ်ရှုံးခံလူတန်းစားဖြစ်ခဲ့ကြတယ်



ရှိရှိသမျှ စီးကရက်တွေ ပြာကျမီးလောင်သွားအောင် ဖွါရှိုက်လိုက်သလိုမျိုး
ငါတို့တွေ ချစ်ခဲ့ကြ…ချစ်ပြီးရင်း ချစ်ခဲ့ကြ…သိပ်ချစ်ခဲ့ကြ

အတိတ်ဟာ ဖြေလျှော့ထားတဲ့ အကြောမျှင်စတစ်စ
အဖြစ်ပျက်တိုင်းဟာ အရေခွံကိုလှန်ပြီး အသားထက်မှာထိုးထားတဲ့ ဆေးမှင်ကြောင်
တစ်ယောက်တစ်မျိုးစီ ဝေးကွာခဲ့ကြတာကို မြင်ရတယ်

ပုံပြင်တွေဘယ်တော့မှ မပျောက်ကွယ်ဘူးဆိုတာ သိတယ်
ငါတို့ဟာ ပုံပြင်တွေလို ချစ်ခဲ့ကြ

ဟိုးရှေးရှေးတုန်းကနေ နောင်အနာဂါတ်တွေထိအောင် ချစ်ခဲ့ကြ
သမိုင်းတွေ တစ်ခုပြီးတစ်ခုမရိုးနိုင်သလို ထင်ထင်ရှားရှား ချစ်ခဲ့ကြ
အံကြိတ်ထားတဲ့ နှုတ်ခမ်းပါးတွေထဲ ဇူလိုင်ထဲက ကျည်ဆန်တွေလို ချစ်ခဲ့ကြ
လူငယ်အောက်လမ်းဆရာတိုင်းမှာ ဆေးမှင်ကြောင်တွေရှိသလိုမျိုးလည်း ချစ်ခဲ့ကြ

ဘ၀ဆိုတာ ဒီစီးကရက်ပြီးသွားရင် နောက်စီးကရက်က
ပါးစပ်ဆီ ရောက်လာဦးမှာပဲ…ငါတို့ကြားမှာ ခြားနားမှုတွေဘယ်လိုရှိရှိ
အနာဂါတ်တွေ ယမ်းဆော်နံနေသလို ချစ်ခဲ့ကြတယ်

သက္ကရာဇ်တွေမှ သက္ကရာဇ်တွေဆီ
တစ်မြေတစ်ရေစီမှ တစ်မြေတစ်ရေဆီ
ရှိရှိသမျှဆံပင်တွေကို ဖြန့်ချရင်း
လက်လှမ်းမှီသမျှ စိတ်ကြိုးတွေကိုဖြန့်ကျက်ရင်း
ချစ်ခဲ့ကြ…တတိတိချစ်ခဲ့ကြ

ငါဟာ အစွန်းရောက်အမာခံအတွေးအခေါ်ပိုင်ရှင်
တစ်စက်စက်လှိမ့်ဆင်းကျလာတဲ့ နင့်ရဲ့ မျက်ရည်ပူများ
ငါဘာမှမသိဘူး…ငါတို့တွေ အရမ်းချစ်ကြတယ်ဆိုတာကလွဲလို့
ငါဘာမှ မသိခဲ့ဘူး

ငါတို့ဇာတ်လမ်းမှာ ဗီလိန်တွေ အသက်ဝင်လာခဲ့တယ်
ကကြိုးရုပ်တွေ ပစ်လိုက်တဲ့ကျည်ဆန် နှစ်ယောက်စလုံးကိုမှန်ခဲ့
ငါတို့ဟာ ငါတို့ချင်းသိပ်ချစ်ကြတာကလွဲလို့ စစ်ရှုံးခံလူတန်းစားဖြစ်ခဲ့ကြတယ်
                                                                                    ရွှေ ကြယ် မိုး

No comments:

Post a Comment