Tuesday, December 11, 2012

ဇာခြည်ရဲ့ အိပ်ခန်းနရံမှာရေးမှတ်ထားရမယ့်အရာတွေ


ဟန်ဆောင်ရယ်နေရတာတွေ နေသားကျလာပြီ
ဆောင်းလိုအေးရိပ်အေးဟန်တွေ နွမ်းရိလျော့ရဲသွား
တငွေ့ငွေ့နဲ့ လှိုက်လောင်…ဇာခြည်…မင်းယုံထားတဲ့
ပုံပြင်ဆန်ဆန်အသိတရားတွေလဲေ၀၀ါးသွားတာပါပဲ

ခြေလှမ်းတွေ ပိုစိတ်လာကြ…အစုန်အဆန်…ခေါက်တုံ့ခေါက်ပြန်
လက်တစ်ဖက်ထက် နောက်ထပ် လက်တစ်ဖက်က ပိုဒာရီဆန်
အကြည့်တစ်ခုထက် နောက်ထပ် အကြည့်တစ်ခုက ပိုမိုေ၀၀ါး
မမြင်ရသေးတာမှန်သမျှ အသစ်ဖြစ်တယ်ဆိုတာ ငြင်းလို့မရတော့

ရူးနှမ်းနေတဲ့အသိတရားတွေကို ဖဲ့ချပစ်လိုက်တိုင်း
ငါတို့တွေ မပေါ့မပါးပျော်မှုရွှင်မှုတွေနဲ့ ရှိနေပါလားဆိုတာ ပိုပိုသိလာရ
ဇာခြည်ရယ်…မင်းရဲ့ အသိတရားတွေကို ကြိုက်သလောက်ချဲ့ထားလိုက်စမ်းပါ
မင်းဘယ်လောက်အကွာအဝေးထိ မြင်နိုင်မြင်နိုင် မမြင်ရတဲ့အရာတွေကသာလျှင်
မြင်ရတဲ့အရာကို စောင့်ကြည့်ခွင့်ရှိတယ်…ဇာခြည် ဒါကိုမင်းအိပ်ခန်းနရံမှာ ရေးထားလိုက်

တွဲလျားချထားတဲ့ လက်တွေ အေးစက်လို့…ဖြစ်သင့်သမျှတွေ ဖြစ်မလာခဲ့
လရောင်လျော့ရဲရဲအောက် တစ်နေ့တာလုံး အလုပ်လုပ်ထားသမျှ အပန်းပြေဖို့
မင်း လမ်းဆင်းလျှောက်တဲ့အခါ  ငါဟာအရင်ကလို မင်းကို ငေးကြည့်မနေချင်တော့ဘူး

ခိုးကြောင်ခိုးဝှက် စွန့်စားခန်းတွေက နာကျင်စရာတွေဖြစ်လာပြီ
နှစ်ယောက်စလုံးနစ်မြုပ်ပြီးနေတာတောင်မှ အောက်စီဂျင်တွေရနေသလို
ငါတို့တွေက ဟန်ဆောင်အသက်တွေ ရှုရှူပြနေရသေးတယ် ဒါတွေလည်း
မင်းအိပ်ခန်းနရံမှာ ရေးထားရမယ့် အကြောင်းတွေပဲ ဇာခြည်

ငါဟာ နင့်ကိုသိပ်ချစ်တာကလား
ဒါလည်း နင့်အိပ်ခန်းနရံမှာ ရေးမှတ်ထားရမယ့် အရာတွေပေါ့ ဇာခြည်…။             
                                                                            ရွှေ ကြယ် မိုး

No comments:

Post a Comment