“ကျုပ်ကို မိစ္ဆာဌိဒိလို့ ခင်ဗျားပြောလိုက်သလား…သြော် ကျုပ်က ဘာသာတရားမရှိတဲ့ လူအဖြစ် ခံယူလိုက်လို့ကိုး…ဟားဟား…ဒါက ကျုပ်ကိုမိစ္ဆာဌိဒိဖြစ်စေသလား…မဟုတ်တာဗျာ ခင်ဗျားကလဲ…ဒါဟာ လူသားဆန်မှုကို သွားတဲ့ အကောင်းဆုံးလမ်းကြောင်းပဲဗျ…အင်း ဒီလိုတိုက်ရိုက်တော့ ခင်ဗျားနားလည်မှာ မဟုတ်ဘူး…ဘယ်နားလည်လိမ့်မလဲဗျာ…ဘာသာရေးကို လူသားဆန်မှုလို့ ခင်ဗျားတို့က ထင်ခဲ့ကြတာကိုး..
မဟုတ်ဘူး ငါ့လူ…မဟုတ်ဘူး…ဘာသာရေးဆိုတာ လူသားတစ်ယောက်ရဲ့ လက်ခံပေးထားမှု တစ်ခုပါပဲ…စိတ်ဓါတ်ရေးရာ နှောင်ကြိုးတစ်ခုပါပဲ…ဒါကြီးရှိလို့ လူတွေဟာ ယဉ်ကျေးခဲ့ကြတယ်ဆိုတဲ့ အစွဲ မှန်သင့်သလောက်တော့ မှန်ခဲ့ပါတယ်…ဒါပေမယ့်ငါ့လူ ဒီဘက်ခေတ်ကြီးမှာ Existentialism ၀ါဒကို အကောင်းဆုံးဝါဒတစ်ခုအဖြစ် ကမ္ဘာပေါ်မှာ ချပြနိုင်ခဲ့တာကို ခင်ဗျားသိတယ်မဟုတ်လား…တကယ်ကို လူသားတွေအတွက် အကျိုးရှိလှတဲ့ ၀ါဒတစ်ခုပေါ့…ဘုရားသခင်က လူတွေကိုဖန်တီးတာလား လူတွေကဘုရားသခင်ကို ဖန်တီးတာလား…တရားက ဘုရားကိုဖန်တီးတာလား…ဘုရားက တရားကိုဖန်တီးတာလား ဆိုတဲ့မေးခွန်းတွေနဲ့ လူတွေက လူတွေရဲ့ ဖြစ်တည်မှုကို ဖော်ထုတ်ခဲ့တဲ့ ၀ါဒလေ…
လူတစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ တာဝန်ယူစိတ်တစ်ခုရှိရုံနဲ့ ဆင်ခြင်တုံတရားဆိုတာကြီးကိုပါ တော်လှန်ပြနိုင်ခဲ့တဲ့ ၀ါဒလေ…ငါက၀ါဒလို့သုံးနှုန်းပေမယ့် ဒါက ချပြနိုင်မှုအခေါ်ဝေါ်သက်သက်ပါ…ငါတို့ ကမ္ဘာမြေပေါ်မှာ အရေးပါဆုံးနဲ့ ပဓါနအကျဆုံးဟာ လူသားတွေဖြစ်တယ်ဆိုတာကို လူသားတွေကိုယ်တိုင် မေ့ထားခဲ့ကြပေါ့ဗျာ…တချို့တော်တော်များများက အမြင်မှန်ရခဲ့ကြပေမယ့် ခင်ဗျားတို့က ခုထက်ထိ လူတစ်ယောက်ထက် အရေးကြီးတာတွေ ရှိတယ်ထင်နေတုန်းပဲ…ဒီမှာ ငါ့လူရ…လူတစ်ယောက်ရဲ့ ဘ၀မှာ အမေရော အဖေရော ဆွေမျိုးရော ဘုရားရော အဓိကမကျလှပါဘူး…တကယ်အဓိကျတာက သူ့ရဲ့ ခံစားမှု…တကယ်အရေးပါတာက သူ့ရဲ့ တာဝန်ယူမှုပဲ…လူတစ်ယောက်အနေနဲ့ လိုအပ်တာက ပျော်ရွှင်မှုနဲ့ လိင်ပိုင်းဆိုင်ရာ တပ်မက်မှု အချစ် ဘာညာတွေပေါ့ဗျာ…လူသားဆက်သွယ်ရေးအတွက် ငွေကလည်း အဓိကကျမှာပေါ့…ဒါသေချာပါတယ်…လူတစ်ယောက်အတွက် ဒါအသေချာဆုံးပါပဲ…အမေနဲ့ အဖေဟာ မွေးလာတဲ့ ကလေးတစ်ယောက်အပေါ်မှာ တာဝန်ကျေရမယ်…ဒါပေမယ့် အမေရော အဖေရော ကလေးရောဟာ သီးခြားစီဖြစ်တည်ကြတာ ဖြစ်တယ်…သံယောစဉ်ဘယ်လောက်ကြီးကြီး ကလေးရဲ့ နာကျင်မှုဟာ မိဘတွေရဲ့ လိုက်လံ နာကျင်ခံစားမှုနဲ့ ဘယ်တော့မှ ထပ်တူကျမှာ မဟုတ်ဘူး…လူတစ်ယောက်ရဲ့ လောကဟာ သူ့ရင်ထဲကဖြစ်တည်နေတဲ့ ခံစားချက်ပဲ…ဘုရားရှိမှုတရားကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကိုယ်ဟာ တသီးပုဂ္ဂလသာ ဖြစ်တယ်။ ဒီတော့ ကိုယ့်ရဲ့ ဖြစ်တည်မှု တရားကို အကောင်းဆုံးဖြစ်အောင် ကိုယ်သာလုပ်ရမယ် ငါ့လူရေ”
စကားသံကရှည်လျားစွာ တဆက်တည်းထွက်ပေါ်လာပြီးမှ ငြိမ်ကျသွားသည်။ တစ်ဖက်လူ၏ မျက်နှာမှောင်ကျသွား၏။ ထိုတစ်ဖက်လူက သက်ပြင်းကို မှုတ်ထုတ်လိုက်ရင်း
“လူသားတစ်ယောက်ဟာ မိဘမေတ္တာတို့ ဘုရားတရားတို့နဲ့ ကွာခြားနေတယ်ဆိုတာ လက်မခံနိုင်တဲ့ ကိစ္စပဲ”
သူက ဘာမှမပြောပဲ စားပွဲပေါ်မှ စီးကရက်ကို လှမ်းယူ၍ မီးညှိလိုက်သည်။ ထို့နောက် လက်ဘက်ရည်ဆိုင်ပိုင်ရှင် ကောင်မလေးဘက်သို့ တစ်ချက်ကြည့်လိုက်၏။ ဒီကောင်မလေးကို သူဆာလောင်လွန်းလှသည်။ ကောင်မလေးကို တပ်မက်စွာကြည့်ရင်း စီးကရက်ကို ခန္ဓာအင်္ဂါများထိ စိမ့်ဝင်အောင် ရှိုက်ဖွါလိုက်သည်။တစ်ဖက်လူက သူ၏စကားများကို အပြင်းအထန်ဆန့်ကျင်ရမည်ဟု သဘောထားပုံရ၏။ သူကတော့ ဘာမှမပြောပဲ အမောဖြေနေသည်။ ထိုလူက
“ထားပါတော့ဗျာ ခင်ဗျားလိုလူတစ်ယောက်အတွက် အခုချိန်မှာ ဘာကိုအရေးကြီးတယ်သတ်မှတ် ထားလဲ အဲ့ဒီ့သတ်မှတ်ထားတဲ့ အရာက ဘုရားရှိမှုတရားကို ကျော်လွန်နိုင်ပါ့မလား ပြောကြည့်စမ်းပါဦး ”
သူက ခပ်အေးအေးပဲ ပြန်ပြောလိုက်သည်။
“Fucking ဟာ ဘာသာရေးယုံကြည်မှုထက် ပိုအရေးပါနေတယ် …ဒီအချိန်မှာ ကျုပ်ကတော့ Fucking အပေါ်ပဲ ခံစားလို့ရတယ်…ရွှေတွေပုံပေးပါ့မယ် ဘုရားတရားဘက် နဲနဲစဉ်းစားပါဦးဆိုရင်တော့ ကျုပ် နဲနဲလောက် ဘာသာရေးဘက် စိတ်ဝင်စားပေးမယ်လေ ”
“ခင်ဗျားက ကွန်မြူနစ်ပဲဗျ” တစ်ဖက်လူက မလိုလားစွာပြောသည်။တော်တော်မခံချင်ပုံရသည်။ သို့သော် သူ့စိတ်ကို ထိခိုက်နိုင်စွမ်းမရှိပါ။
“ကွန်မြူနစ်နဲ့ Exist နဲ့ကွာပါတယ်ဗျာ …ကျုပ်က Exist သက်သက်ပါ”
သူ၏ လက်ခံမှုတရားကို တစ်ဖက်လူက မနာလိုဖြစ်နေတာ သေချာနေသည်။ ထိုလူကဆက်၍
“လူတွေက ဘာသာတရားကြီးလေးပါးကနေ လွတ်ကင်းသွားရင် ဒုက္ခတွေများကုန်မှာပေါ့ဗျာ” ဟုထပ်ပြောသည်။ သူက
“ခင်ဗျားထင်တာ လွဲပြီ ဒါကိုသေချာပြောရင် ဒုတိယကမ္ဘာစစ်ကနေ ယန်းပေါဆတ် နိုဗယ်ဆုရတဲ့ အထိပြောရမှာ ဒီတော့ ကျုပ်ပြောတဲ့ စာအုပ်တွေရှာဖတ်ဗျာ လောလောဆယ်ကျုပ်မှာ ယန်းပေါဆတ်ရဲ့ humanism and existentialism ဆိုတဲ့စာအုပ်ရှိတယ် ဖတ်ကြည့်ဗျာ…အပေါ်ယံ မဖတ်နဲ့နော် စာဖတ်တယ်ဆိုတာ စာကျေအောင်ဖတ်ရတယ်…ဒီမှာ ကျုပ်လွယ်အိတ်ထဲမှာ အမြဲဆောင်ထားတယ် ”
ဟု ပြောရင်း သူထုတ်ပေးလိုက်သည်။ ထိုလူက ကပျာကယာ လက်ကာပြသည်။
“ကျုပ်မအားဘူးဗျ စာဖတ်ဖို့အချိန်မရှိဘူး အထူးသဖြင့် ဒီလိုစာအုပ်မဖတ်ချင်ဘူး”
သူ ရယ်လိုက်သည်။ ရယ်ပြီးတော့ တစ်ခုပြောလိုက်သည်။
“ခင်ဗျား နဲ့ ကျုပ် လူသားပြိုင်ဆန်ကြမလား”
တစ်ဖက်လူက ခေါင်းငြိတ်၍
“ကျုပ်က ဘာသာရေးအသိရှိတဲ့လူပဲ ခင်ဗျားရှုံးမှာပေါ့”
သူရယ်လိုက်ပြန်သည်။ ရယ်လိုက်ပြီးပြောသည်။
“ကောင်းပြီ ဒါဆို ခင်ဗျားကိုးကွယ်တဲ့ ဘာသာတရားကို စော်ကားဖူးတဲ့ လူတစ်ယောက် ဟာဒုက္ခရောက်နေပြီဆိုပါတော့ဗျာ အဲ့ဒီ့အချိန်မှာ … သူအကူညီတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ ခင်ဗျား သူ့ကို ကူညီနိုင်ပါ့မလား”
“မကူညီနိုင်ဘူး…ဒါ ကိုလူသားဆန်မှုလို့လည်း ကျုပ်မသတ်မှတ်နိုင်ဘူး”
သူက ပြုံးစစဖြင့်
“ဒါကိုမှ လူသားဆန်တယ်လို့ မခေါ်ရင် ဘာကိုခေါ်ရမလဲ ကျုပ်ပြောပြမယ် ငါ့လူ ..ဘာသာရေးကို ယုံကြည်ချင် ယုံကြည်ပါ ကိုးကွယ်ချင်ကိုးကွယ်ပါ ဒါပေမယ့် ဘာသာရေးဆန်မှုကိုပဲ ခင်ဗျားရမယ် လူသားဆန်မှုလို့တော့ မပြောနဲ့ငါ့လူ … တကယ်လူသားဆန်ဖို့ဆိုတာ လိုအပ်လာရင် သူ့ဘာသာတရား ငါ့ဘာသာ တရားခွဲခြားလို့မရဘူး…စစ်ကြီးပြီးဖို့ဆိုပြီး နာယာ့စကီးနဲ့ ဟီရိုးရှီးမားကိုအရည်ဖျော်တာတောင် လူတွေ လက်ပိုက်ကြည့်နေရတာပဲ မဟုတ်လား… ပကတိဖြစ်တည်နေမှုတွေအတွက် ဘာလို့ ကိုးကွယ်ယုံကြည်မှုကြီးကို ထားနေသေးလဲ…ကျုပ်ကတော့ လူသားဆန်တရားကို ဘာသာတရားထက် လေးစားတယ် ငါ့လူရေ…လူသားဆန်ဝါဒမှာ ငရဲလည်း မရှိဘူး…နိဗ္ဗာန်လည်းမရှိဘူး…ကိုယ့်တာဝန်ယူမှု အလိုက် လွတ်လပ်စွာနေထိုင်ပိုင်ခွင့်ရှိတယ်…ကျုပ်ဟာ လူငယ်ယောက်ကျားလေးဖြစ်တဲ့အတွက် Fucking ကို မရှိမဖြစ်တရားတစ်ခုအဖြစ်လက်ခံထားတယ်…ဒါဟာ ပကတိဖြစ်တည်ခြင်းရဲ့ အတွင်းစည်း ကျကျ လူသားဆန်မှုပဲ ငြင်းချင်သေးလား”
“ဒါဖြင့် ခင်ဗျားက ဘုရားတို့ တရားတို့ကို ငြင်းဆန်တယ်ပေါ့”
“ကျုပ်တရားကို မငြင်းဆန်ဘူး…တရားဆိုတာ လက်ခံပေးနိုင်မှုတစ်ခုကို ခေါ်တာပဲ ဘယ်လိုလူမဆို ကျင့်ကြံနေထိုင်လို့ရတယ်၊ဂေါ့ဒ်လို့ခေါ်တဲ့ ဘုရားကိုတော့ကျုပ်လက်ခံမပေးနိုင်ဘူး ဘယ်ဘာသာလူမျိုးတို့ရဲ့ ဘုရားမဆို ကျုပ်လက်ခံမပေးနိုင်ဘူး…ဘုရားတကယ်မရှိဘူးလို့ ငြင်းတာမဟုတ်ဘူးနော်…ဘုရားရှိတယ် ဆိုပါတော့…ဒါပေမယ့် ဘုရားဟာ ဘုရားသာဖြစ်ပြီး လူတစ်ယောက်ဟာလည်း သူ့ဘာသာသူ ဖြစ်တည်နေတာပဲဖြစ်တယ်…မာတင်ဟိုင်ဒေဂါ ပြောတဲ့စကားနဲ့ပြောရရင် ဘုရားရှိတာဟာ ရှိတာသက်သက်ပဲ… ဖြစ်တည်မှုမဟုတ်ဘူး…လူတစ်ယောက်လက်ရှိ-တကယ် ရှိနေတာကမှ ဖြစ်တည်မှု စစ်စစ်ဖြစ်တယ်…ဒါကြောင့်မို့လို့ လူသားတစ်ယောက်ရဲ့ တာဝန်ယူနိုင်မှုအပေါ်လိုက်ပြီး လွပ်လပ်စွာ ပြုမူနေ ထိုင်လို့ရတယ်…ဒီတော့ ဘယ်ဘာသာတရားကိုပဲ ကိုးကွယ်ကိုးကွယ် လူသားက ငြင်းဆန်ခွင့်ရှိတယ်”
“ဘာသာတရားတိုင်းလိုလိုက ငရဲကို ပြောတယ်…သေပြီးတဲ့နောက် ငရဲဆိုတာကိုပါ ခင်ဗျားက မယုံနိုင်တော့ဘူးပေါ့”
“ကျုပ်ပြောပြီးပါပကော…ငရဲရော…နိဗ္ဗာန်ရော အကုန်လုံးကိုလုံးဝ လက်မခံဘူး…လူတစ်ယောက်ရဲ့ ဘ၀သတ်မှတ်ချက်ဟာရှင်သန်မှုထဲမှာပဲ ရှိတယ်…သေပြီးနောက်ဘ၀လို့ ပြောလို့မရဘူး…ဒါက လူသား တစ်ယောက်ကို သေးသိမ်နိမ့်ကျစေတဲ့ အချက်တစ်ခုပဲ…ကောင်းကင်ဘုံမရှိလည်း လူတွေက ဘာမှမဖြစ်သွားဘူး…ရိုးရိုးလေးသာ တွေးကြည့်စမ်းပါ…ကျုပ်ပြောသလို လိုအပ်တာကလူတစ်ယောက်ချင်းစီ ရဲ့တာဝန်ယူမှုတွေပဲ…အရှိတရားကို(GOD)လို့ခေါ်တဲ့ ဘုရားကဖန်တီးပေးထားတာဆိုတဲ့ အချက်ကို ငြင်းဆန်ပစ်ရမယ်…ကံကံရဲ့ အကျိုးကြောင့် ဒီဘ၀မှာ ငါဒီလိုဖြစ်နေတာဆိုတဲ့ အတွေးတွေကို တော်လှန်ရမယ် ကိုယ့်ရဲ့ ဖြစ်တည်မှုတရားကို အကောင်းဆုံးထိရောက်အောင် လက်ခံရမယ်… ငါရှိနေတယ်…ငါစဉ်းစားနေတယ်...ငါနာနေတယ်…ဆိုတာ ဖြစ်တည်မှု အစစ်မှန်ပဲ”
ထို့နောက် တစ်ဖက်လူကော သူပါ တိတ်ဆိတ်သွားသည်။ သူက လက်ဘက်ရည်ဆိုင်ပိုင်ရှင် ကောင်မလေးကို မွတ်သိပ်စွာကြည့်နေသည်။ ကောင်မလေးနှင့် သူအကြည့်ချင်းဆုံသည်။ ကောင်မလေးက ပြုံးပြသည်။ သူက ခေါင်းငြိတ်၍ ပြန်ပြုံးပြလိုက်သည်။ ကောင်မလေး၏ အပြုံးသည် သတ်မှတ်ထားသော ဘာသာရေးစည်းမျဉ်းများထက်ကျော်လွန်၍ အရသာရှိတာအမှန်။ (ပိုပြီးတော့ လွတ်လပ်ပွင့်လင်းတဲ့ လူသားစည်းမျဉ်းတစ်ခု ဖြစ်တာအမှန်။)
သူ၏ ရင်ထဲမှ သစ္စာတရားကတော့ အကန့်အသတ်တစ်ခုကို ကျော်လွှားသွားပြီဖြစ်သည်။ ရှိုက်ထုတ်လိုက်သော စီးကရက်မီးခိုးငွေ့များက မရှိသေးသော လောကတစ်ခုပင်ဖြစ်သည်။ စစ်ပွဲမရှိ၊ ဘာသာရေးကန့်သတ်ချက်မရှိ၊ စီးကရက်အငွေ့များက အမွှေးတိုင်မှထွက်လာသောပန်းရနံ့၊ မွှေးရနံ့ထက် ချိုမြနေသည်။ သေချာသည်။ သူကတော့ အတ္တတစ်ခု၏ အပြင်ဘက်သို့ ကျော်ထွက်သွားပြီဖြစ်သည်။
သင်သည် ဘာသာရေးယုံကြည်ချက်တစ်ခုခုအောက်မှ နေ၍ လူသားဆန်မှုကို ရှာဖွေနေပါသလား? ဒီလိုဆိုလျှင်တော့ သင်မှားပါလိမ့်မည်။ သင့်နှင့်ဆန့်ကျင်ဘက် ဘာသာတရားကိုးကွယ်သူတို့ကလည်း သင့်လိုလူသားတစ်ယောက်ပင်ဖြစ်ပြီး ချစ်တတ်၊ ခင်တတ်၊ ၀မ်းနည်းတတ်တဲ့ အရည်အချင်းများရှိကြောင်း သင်လက်ခံပေးရမည်။
သင့်ကိုယ်သင် ပြန်လက်ခံပေးနိုင်မှုကလည်း လူသားဆန်မှုအတွက် အလွန်အရေးပါသည်။ သင်၏ လိင်ဆန္ဒကို သင်၏စိတ်ကူးထဲတွင် လွတ်လပ်စွာထားပိုင်ခွင့်ရှိသည်။ တစ်ကိုယ်တော် အာသာဖြေဖျောက်ဖို့ပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ကို ခေါ်၍ နှစ်ဦးသဘောတူ လိင်မှုရေးရာပြုလုပ်ပိုင်ခွင့်ရှိသည်။ ဒါညစ်ညမ်း ကိစ္စလုံးဝမဟုတ်ပါ။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စသာဖြစ်သည်။
င့ါမျက်စိရှေ့က ချစ်ခင်ရပါသော ကောင်မလေးရေ…တစ်ကိုယ်တော်အာသာဖြေမှုတွေကများလှပြီ။ မင်းလက်ခံနိုင်မယ်ဆိုရင် နှစ်ယောက်သား ခန္ဓာကိုယ်ချင်းစပ်ယှက်ချင်တယ်…တနုံ့နုံ့နဲ့ လိုအပ်နေတဲ့ အရာ fucking တစ်ခုပဲဖြစ်တယ် ကောင်မလေးရေ…။ ။
ရွှေ ကြယ် မိုး

No comments:
Post a Comment