ငါ့ စိတ္တဇ…
ဟာလာဟင်းလင်း
အသိညာဏ်ထဲက အလင်းမှုန်တစ်မှုန်
အော်ခေါ်ရာအသံတစ်လျှောက်
ပြေးဆင်းလိုက်ချသွားရမလားဆိုတဲ့ အတွေး
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက် လက်ဝဲလက်ယာများထဲမှ နစ်မွန်းနေသော သမုဒ္ဒရာ
ငါ့ကမ္ဘာ\ငါ့ခန္ဓာ…
အဝေးမျှော်တေးတွေကြားထဲ
ထိုးစိုက်ချထားရတဲ့ ဓါးမြှောင်
ချောက်ကမ္ဘားနက်ထဲ
မကြာခင်ကမှ ဆယ်ယူရရှိထားတဲ့ သစ္စာတရား
ဟိုးအစွန်ဖျားထိတိုင်အောင်
နွမ်းလျဖျားနာ မီးမှောင်ချထားရတဲ့ ဒဏ်ရာ
မြို့အမှတ်
YGN#111111 ရဲ့ ပြစ်ဒဏ်ကျ လွတ်လပ်လူသား
လမ်းအမှတ်
38#AAAAAA ရဲ့ ပြဌာန်းခံ ကဗျာဆရာသူရဲကောင်း
တခုတ်တရ
အကြည့်ပါးပါးတွေထဲ စူးခနဲဖြာကျ…ငါ့အသံ\အော်သံ\ညည်းသံ
ဒါဟာ
လက်တစ်ကမ်းမှာဖြစ်နေတဲ့ မျိုးဆက်တစ်ဆက်စာ မမှီမကမ်းဖြစ်မှုတွေ…
မရိုက်နှိပ်ရသေးတဲ့
စာရွက်အဖြူပေါ်မှာ သင်ခန်းစာမဲ့မှုတွေကို ကိုယ်ကျင့်တရားတွေနဲ့အတူ
ရိုက်နှိပ်ချလိုက်တယ်…ငါ့ရဲ့
ကျောက်ဆောင်ကျောက်ခဲတွေကလည်း အိပ်မက်မှာ ၀ါဖျော့လို့နေ
ငါ့ရဲ့အထီးကျန်ဆုံးထောင့်တစ်ထောင့်မှာ
မိန်းမတစ်ယောက် ယဉ်ယဉ်ကျေးကျေးပြုံးပြနေတယ်
မရှိသေးတဲ့အရာတစ်ခု
ရင်းနှီးလာသလိုမျိုး ငါတို့တွေစကားအမြောက်အများပြောကြတယ်
ငါတို့
ရယ်မောကြတယ်…ငါတို့ ခခယယပြုံးကြတယ်
အဲ့ဒီ့နောက်တော့
အိမ်ပြန်ကြ…လမ်းခွဲကြ…နှုတ်ဆက်ကြ…
ပြန်ဆုံကြမယ်
ပြောကြနဲ့ပေါ့…လမ်းသွားလမ်းလာတွေက မရိုးနိုင်ဘူး
ငါ့မှာ
ငါ့စိတ္တဇအတွက် ဖြေဆေးတစ်ခုလို ရယ်သံတွေကို ရှိုက်ချလိုက်တယ်
သူတို့တွေက
စီးကရက်တွေလိုမျိုး ငါ့မျက်တွင်းတွေကို ဟောက်ပက်ဖြစ်မသွားစေဘူး
အတိတ်ရဲ့
ခြေသံတွေ လိုက်မမှီလောက်အောင်မြန်ဆန်…တို့ဆို ကြောက်လှပါပြီတဲ့
အဲ့ဒီ့လိုပြောပြီး
အမှောင်ကန့်လန့်ကာကြီးထဲ ပြေးဝင်ပျောက်ကွယ်သွားကြတယ်
ဒါလည်း
ဖြစ်တည်မှုတရားတစ်ခုပါ
မိုးတွေလိုပြေးမလွတ်နိုင်အောင်
ရွာချသွားပေမယ့်
အဲ့ဒီ့ပျက်လုံးခါးတွေက
ငါတို့ကို ဘယ်စွတ်စိုနိုင်ပ့ါမလဲ နွယ်နီ… ။ ။
ရွှေ ကြယ် မိုး
No comments:
Post a Comment