Thursday, November 22, 2012

မဆုံဖြစ်ကြတော့တဲ့ နောက်ပိုင်း

   
  
ငါရှိနေမယ်ထင်လို့လား
တကယ်တော့ အဲ့ဒီ့ နေရာလေးကို ငါမရောက်ဖြစ်တာ ကြာပါပြီ

ပန်လိုသူပန် ဆိုတဲ့ ပုံစံမျိုးနဲ့ ရင်ဘတ်ကို မိုက်ဇာတ်ခင်းခဲ့တာ
ခုဆို နှစ်တွေ လတွေ အလီလီပြောင်းနေခဲ့ပြီပဲ
ရွှေကို ရွှေချင်းထပ်ရတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကို နေပျော်အောင်
အဆိပ်ပင်ကို အဆိပ်အပ်နဲ့စုပ်ပြီး ရင်ဘတ်ထဲ သွင်းခဲ့ရပါတယ်

နှောင်းပိုင်းကာလတွေအကြောင်းပြောရရင်တော့
ကူရာ ကယ်ရာမဲ့ ဘ၀မှာ လမ်းကြမ်းတွေက မဆန်းခဲ့ဘူး
သူတော်ကောင်းဆိုတဲ့လူတွေကို တအံ့တသြ ငေးကြည့်ခဲ့တယ်
ငါ့မှာလေ ကဗျာကလွဲပြီး ဘာမှမလုပ်တတ်တဲ့ လက်တွေနဲ့ ဦးနှောက်တွေရှိနေခဲ့တာကိုက
အရာအားလုံးကနေ ဆန့်ကျင်ခွဲထွက်ဖို့ အကြောင်းဖန်လာတာပဲ

လုပ်သလို မဖြစ်လာတဲ့ ဇာတ်လမ်းတွေကို
ဖြစ်သလိုပဲ လုပ်-လုပ်ပစ်နေရတယ်…ရွှေပေါ်မြတင် တရားတွေက
များလှသကိုးကွယ်…ဟောင်းလောင်းပွင့် အိတ်ကပ်တွေနဲ့ လေလွင့် …
မဆုံဖြစ်ကြတော့တဲ့နောက်ပိုင်း ပြောစရာစကားတွေ များများလာတာကလွဲရင်
အရင်တုန်းကထက် နဲနဲလေးတောင် ပြောင်းလဲမသွားပါဘူး

ဒါနဲ့ ဒီတစ်ခါ ငါတို့ ဆုံဖြစ်ကြရင် ငွေသုံးထောင်လောက် ခဏချေးပါလား
တစ်နေ့ သုံးသိန်းရှိလဲ မလောက်တဲ့ ခေတ်ကြီးမှာ လေးငါးရက်လောက်
ငါ စီးကရက်လေးဖွါ အသုတ်လေးစားပြီး ရပ်တည်ချင်လို့ပါ
မိသားစုဆီမှာ လက်ဖြန့်တောင်းရသမျှက ခြူးတစ်ပြားမှ မဖြစ်လာဘူး

ညဥ့်နက်အောင် လွမ်းရလေ့ရှိတဲ့ ခင်မင်မှုတွေက အရောင်တွေပါပဲလေ
တစ်ယောက်လှေ တစ်ယောက်ကူထိုးပေးဖို့ဆိုတာကလည်း အဆင့်ချင်းတူမှ
ကောင်းမှာပါ…နတ်သမီးနဲ့ လှေထိုးသားပုံပြင်တွေကကျန်ခဲ့ပါပြီ    
အေးလေ…ပြန်တော့ဆုံချင်ပါသေးတယ်…အဲ့ဒီ့နေရာလေးကို ငါမရောက်ဖြစ်တာကလည်း
တော်တော့်ကို ကြာပေါ့…ကြာခဲ့ပေါ့…။    ။
                                ရွှေ ကြယ် မိုး

No comments:

Post a Comment