လိုနေတဲ့တစ်ခုခု
ရက်ရောတဲ့
နွေးထွေးမှုပုံစံမျိုး
ပိုင်ဆိုင်သမျှကို
အိတ်သွန်ဖာမှောက် ရှာကြည့်တော့လဲ
လူတွေမသုံးတော့တာ
ကြာပြီဖြစ်တဲ့ ပဲ့တင်သံမျိုး ကျလာတယ်
ပြီးတော့…ဘာဆိုလားပဲ
နှစ်ချင်းပေါက်
ဒဏ်ရာတွေဆိုတာ ကြာခဲ့ပေါ့
ဟောဒီ့
တနံတလျားကို မားမားစွင့် မျှော်ကြည့်လိုက်မိရင်
ပန်းတွေလည်း
ပွင့်ကြလျက်… ကြယ်တွေလည်း ကြွေကြလျက်
မီးတွေလည်း
တောက်ကြလျက်…ရေတွေလည်း ခန်းကြလျက်
အနာကိုလည်း
ဆွကြလျက်… အဟောင်းကိုလည်း မြေမြှုပ်လျက်
ဒါပေမယ့်
သူလိုကိုယ်လို ပုံစံမျိုး မဟုတ်ခဲ့တာ သေချာတယ်
နာသလား
မနာဘူးလား မမေးမြန်းခဲ့တာ သေချာတယ်
လိုလိုလားလားတောင့်တတဲ့
အစာမှာ နောက်ကျောဓါးတွေမပါချင်တာ သေချာတယ်
ဘယ်လောက်ပဲ
အော်အော်
ဘာတစ်ခုမှ
ပွင့်အံကျမလာတဲ့ မြေမှာ
ငါတို့
ဘာလုပ်ကြရမလဲ
ဘာလင်ဟာ
ပြိုကျခဲ့ပြီ…ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ခရူးဆိတ်
ပြီးခဲ့ပြီ…ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ကမ္ဘာမြေ
ငြိမ်းချမ်းပါစေ
ကမ္ဘာမြေ
ငြိမ်းချမ်းပါစေ
မငြိမ်းချမ်းတဲ့နေ့က
အဲ့ဒီ့လိုမျိုး ဆုတောင်းခဲ့ကြတယ်
ရွှေ ကြယ် မိုး
No comments:
Post a Comment