လည်စင်းခံခဲ့ကြရတာချင်းလည်း
အတူတူ…မိုးညတွေမှောင်ခဲ့ကြဖူးတာလည်းအတူတူ
ဟိုအရင်ကလိုကျောင်းသွားကျောင်းပြန်ပဲဖြစ်ဖြစ်
ငါတို့ ခိုးခိုးခစ်ခစ်ပြန်ရယ်ခွင့်ရမယ်ဆိုရင်
သိပ်ကောင်းမှာပဲ…ခေတ်ရေစီးမှာ
ငါတို့ရဲ့ ကျောင်းစာအုပ်လေးတွေလည်း ပြဲရိခဲ့ပါပြီ မိလိုင်ဇာရယ်
သပ်ရိုက်သွင်းထားတဲ့
လောင်ငွေ့တွေထဲကနေ မင်းကို
ဘယ်လိုများကယ်ထုတ်ပေးရမယ်တဲ့လဲ…အုံ့မှိုင်းမှုတွေ
အသားမကျ
နေ၀င်နေထွက်ပတ်ပတ်လည်
မီးခိုးတွေက အလိပ်လိုက်အူလို့…
ဟိုး…ငယ်စဉ်တောင်ကျေးကတုန်းကဆိုရင်
ငါသိပ်ချစ်ရတဲ့ လိုင်ဇာဆိုတဲ့ ကောင်မလေးကို
မိုးကြမ်းလေကြမ်းတွေ
သည်းထန်ပစ်လိမ့်မယ်လို့ ဘယ်တွေးမိခဲ့ဖူးမလဲ…ခုတော့ဖြင့်လေ
ဇရာရဲ့
အရေးကြောင်းတွေက မင်းပါးကို ခြစ်ချသွားတယ်
လှိုင်းထန်နေတဲ့ကြားက
မင်းဟာ ခံပွင့်အပြုံးတွေကို ရဲနေအောင် ပြုံးပြတယ်
နောက်ဆုံးအိပ်မက်ပဲဖြစ်ပါစေ…အလှပဆုံးမက်ခွင့်
တို့အားလုံးမှာ ရှိရဲ့မဟုတ်လား
ဘာမဆိုအတင်းလုပ်ယူလို့ရမယ်မဟုတ်မှန်း
သူတို့တွေမသိကြဘူး…မိလိုင်ဇာ
ငါတို့
ဘယ်တုန်းကမှ မနှစ်သက်ခဲ့တဲ့ ငှက်ဆိုးတွေက ငါမြတ်နိုးရတဲ့မင်းကို ထိုးသုတ်တော့မှာ
နွေမိုးဆောင်းတွေဝေး…တေးတွေလည်း
မဆိုချင်တော့ပါဘူး…ပင်ပင်ပန်းပန်းကျလာတဲ့
ချွေးစက်တွေကို
ပြဲရိနေတဲ့ငွေစက္ကူတစ်ရွက်နဲ့ပဲဖြစ်ဖြစ် ငါ သုတ်ပေးချင်ပါတယ်
မိလိုင်ဇာရယ်…နင့်ရင်ခွင်ကမှ
သုဿာန်တစပြင်မဟုတ်ပါဘူး
ငါ
တက်နေတဲ့ကျောင်းကလည်း သုဿာန်တစပြင်ပဲ…ငါစီးနေတဲ့ ကားကလည်း
သုဿာန်တစပြင်ပဲ…ဖြစ်နိုင်ရင်
သုဿာန်တစပြင်ချင်း ရင်ချင်းထပ်ပစ်ချင်ပါရဲ့ဟာ
ရာသီတွေဘယ်လိုပဲပြောင်းသွားပြောင်းသွား
ပုံပြင်တွေကဟောင်းမှာမဟုတ်တော့ဘူး
ငါချစ်ရတဲ့မင်း…ဒဏ်ရာတွေကိုထိုးခွင်းလို့
လင်းချင်းပစ်လိုက်စမ်းပါ…လင်း…ချင်း…ပစ်…လိုက်…စမ်းပါ
ကြည့်စမ်း…မင်းရဲ့
ရင်ခုန်သံဟာ လွတ်လပ်တေးသံတွေ မြိုင်လို့
မင်းရဲ့
အလှဟာ စည်းတွေဘယ်လောက်ခြားခြားမဝေးဘူးဆိုတဲ့ပုံစံနဲ့
မင်းရဲ့
အကြည့်မှာ ပြေးလွှားနေတဲ့ ကလေးလေးတွေကို ငေးရီငြိမ်သက်လို့
လိုင်ဇာ…မင်းဟာ
ငါတို့ရဲ့ မြေ…ငါတို့ရဲ့ အခက်အလက်…ငါတို့ရဲ့ သွေးရင်းသားရင်း
ငါတို့
ကိုယ်တိုင်အလင်းမပွင့်နိုင်တဲ့မြေမှာမင်းရဲ့ရယ်သံလွင်လွင်လေးတွေဟာ လှလို့ပလို့…။ ။
ရွှေ
ကြယ် မိုး
No comments:
Post a Comment