လျှောကျနေတဲ့
ဝတ်လစ်စလစ်စိတ်ကို ငြင်းဆန်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး
အပြင်လောကကြီးတစ်ခုလုံး
မှုန်မှိုင်းလာလေလေ ဆွဲဆွဲနေတဲ့ ဂရပ်ဖစ်တွေ
အရောင်တောက်လာလေလေ…စွဲမက်ဖွယ်ရယ်သံကို
အာရုံတွေထဲ နှစ်ချလိုက်တာပေါ့
ကိုယ်ကျင့်တရားဆိုတဲ့အရာတွေပါသွားတယ်…သင်ယူခဲ့ရတဲ့
လူသားစည်းမျဉ်းတွေဆိုတာ
အတုတွေမှန်းသိသိလာတော့
လင်ရှိမယားတွေလည်း အိပ်မက်ထဲမှာ ဇာတ်ကောင်ဖြစ်လာတယ်
မရှိတဲ့အရာတွေက
ရှိချင်ယောင်ဆောင်နေကြ…ကိုယ်လိုသူလိုသုံးစွဲပစ်ခဲ့တဲ့ အရည်အသွေး
တစ်ကမ္ဘာလုံးကို
ကိုယ်စားပြုတာ တစ်ကိုယ်တော်ပဲ…အကုန်လုံးမှားခဲ့တယ်…
အဆုတ်ရဲ့အလုပ်က
သာမာန်ရှုရှိုက်မှုမျိုးမဟုတ်တော့ဘူး…တဖြည်းဖြည်း…တဖြည်းဖြည်း ဝေ့ ၀ဲသွား
တရှိုက်မက်မက်ကို
တပ်မက်ခဲ့တာ…ကိုယ့်စိတ်နဲ့ကိုယ်သွားနေကြတာဆိုတော့ စကြာဝဠာနဲ့ချီတဲ့
သစ္စာတရားဆိုတာ
တကယ်မရှိဘူး…လက်ပူမိနေတဲ့ကီးဘုတ်ပေါ်မှာ ဒဏ်ရာတွေ ဖြတ်ပြေးသွားတယ်
ကျွန်တော်က
သစ္စာတရားတွေကို ဘယ်တော့မှ မောင်းမထုတ်ဘူး
သူတို့ဘာသာ
ထွက်ထွက်ပြေးသွားကြတာ…ဒါတွေက သက်သေထူပြစရာမလိုတော့
ကျောမွဲတွေကလည်း
တိုက်ပွဲကိုအောင်နိုင်တဲ့အခါ ကမ္ဘာကို လှည့်စားသွားနိုင်ကြတယ်
သူလိုကိုယ်လိုတွေကြီးထဲမှာ
အားလုံးဟာ ချစ်ချင် ခင်ချင် ပျော်ရွှင် တွယ်တာချင်ကြတာပါပဲ
ကွန်မြူနစ်ပါတီဝင်တစ်ယောက်ဖြစ်တဲ့
အဲလ်ဘတ်ကမူးဟာ ဖြစ်တည်မှုသမားတွေနဲ့ ပေါင်းသင်းမိပြီး အိတ်ဇစ်သမားတစ်ယောက်ဖြစ်သွားတယ်
ငါတို့ရဲ့ အနာဂါတ်မှာ တစ်ခါကအမှားတွေပါလို့
ယိုးစွပ်ထားတဲ့အရာတွေနဲ့ပေါင်းသင်းမိပြီး
ငါတို့ဟာ တစ်သားထဲဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူက
ငြင်းဆန်နိုင်မယ်တဲ့လဲ…ကိုယ်လုံးတီးစိတ်ဓါတ်မဟုတ်ဘူး…လူတွေကိုက
အလန့်တကြားဖုန်းကွယ်နေကြတာ
သူတော်စင်တွေက
သူတို့ရဲ့ အမှားကို ၀တ်ရုံတွေနဲ့ အကြောက်အကန်ဖုံးကွယ်ပြီး လူတွေက သူတို့ရဲ့ အမှားကို
အမှန်တရားဆိုတဲ့အရာနဲ့
ဖုံးကွယ်ကြတယ်…
စိတ်ပညာလျှို့ဝှက်ချက်တွေအရ
တစ်ခုခုဆီက ထွက်ပြီးကြည့်လိုက်မှ တော်ကာကျမယ်
တိမ်လိုအရာတွေ
လွင့်မျောသွားကြတယ်…ဒါကပဲ ဆန်းကြယ်နေသယောင်ယောင်…
ငါတို့မှာ
တစ်ယောက်နဲ့တစ်ယောက် ဖင်တစ်ပြန်ခေါင်းတစ်ပြန်ဖြစ်နေတာပဲ ဘာလုပ်ရမလဲ
ခုမြင်မြင်သမျှတွေထဲမှာ
ငါဟာ နောင်နှစ်ပေါင်း ရှစ်ဆယ်အကြာမှာ ရှိတော့မှာမဟုတ်ဘူး
ငါတို့ထဲက
ကျန်နေခဲ့မယ့် သူဟာ တစ်ဦးတစ်ယောက်ပဲ ဖြစ်ကောင်းဖြစ်မယ်
သံမှိုရိုက်ထားခံရမှန်း
သိလာလေလေ … ကနဦးအမှားတွေက အသုံးဝင်လာလေလေပဲ
လူတွေရဲ့
အမှန်တရားကို တောထဲမှာ ဘယ်တော့မှသွားမရှာဘူး…လူတွေထဲမှာပဲရှာတော့မယ်
ကျွန်တော့်ရဲ့
ပျောက်ဆုံးသွားတဲ့ Memory Stick လေးကို ဘယ်လိုလုပ်များသံယောစဉ်ဖြတ်လို့ရမှာတဲ့လဲ
ရွှေ ကြယ် မိုး
No comments:
Post a Comment