Wednesday, January 23, 2013

မိလိုင်ဇာ…ငါမင်းကို အရမ်းချစ်တာပဲ



လည်စင်းခံခဲ့ကြရတာချင်းလည်း အတူတူ…မိုးညတွေမှောင်ခဲ့ကြဖူးတာလည်းအတူတူ
ဟိုအရင်ကလိုကျောင်းသွားကျောင်းပြန်ပဲဖြစ်ဖြစ် ငါတို့ ခိုးခိုးခစ်ခစ်ပြန်ရယ်ခွင့်ရမယ်ဆိုရင်
သိပ်ကောင်းမှာပဲ…ခေတ်ရေစီးမှာ ငါတို့ရဲ့ ကျောင်းစာအုပ်လေးတွေလည်း ပြဲရိခဲ့ပါပြီ မိလိုင်ဇာရယ်

သပ်ရိုက်သွင်းထားတဲ့ လောင်ငွေ့တွေထဲကနေ မင်းကို
ဘယ်လိုများကယ်ထုတ်ပေးရမယ်တဲ့လဲ…အုံ့မှိုင်းမှုတွေ အသားမကျ
နေ၀င်နေထွက်ပတ်ပတ်လည် မီးခိုးတွေက အလိပ်လိုက်အူလို့…

ဟိုး…ငယ်စဉ်တောင်ကျေးကတုန်းကဆိုရင် ငါသိပ်ချစ်ရတဲ့ လိုင်ဇာဆိုတဲ့ ကောင်မလေးကို
မိုးကြမ်းလေကြမ်းတွေ သည်းထန်ပစ်လိမ့်မယ်လို့ ဘယ်တွေးမိခဲ့ဖူးမလဲ…ခုတော့ဖြင့်လေ

ဇရာရဲ့ အရေးကြောင်းတွေက မင်းပါးကို ခြစ်ချသွားတယ်
လှိုင်းထန်နေတဲ့ကြားက မင်းဟာ ခံပွင့်အပြုံးတွေကို ရဲနေအောင် ပြုံးပြတယ်
နောက်ဆုံးအိပ်မက်ပဲဖြစ်ပါစေ…အလှပဆုံးမက်ခွင့် တို့အားလုံးမှာ ရှိရဲ့မဟုတ်လား

ဘာမဆိုအတင်းလုပ်ယူလို့ရမယ်မဟုတ်မှန်း သူတို့တွေမသိကြဘူး…မိလိုင်ဇာ
ငါတို့ ဘယ်တုန်းကမှ မနှစ်သက်ခဲ့တဲ့ ငှက်ဆိုးတွေက ငါမြတ်နိုးရတဲ့မင်းကို ထိုးသုတ်တော့မှာ
နွေမိုးဆောင်းတွေဝေး…တေးတွေလည်း မဆိုချင်တော့ပါဘူး…ပင်ပင်ပန်းပန်းကျလာတဲ့
ချွေးစက်တွေကို ပြဲရိနေတဲ့ငွေစက္ကူတစ်ရွက်နဲ့ပဲဖြစ်ဖြစ် ငါ သုတ်ပေးချင်ပါတယ်

မိလိုင်ဇာရယ်…နင့်ရင်ခွင်ကမှ သုဿာန်တစပြင်မဟုတ်ပါဘူး
ငါ တက်နေတဲ့ကျောင်းကလည်း သုဿာန်တစပြင်ပဲ…ငါစီးနေတဲ့ ကားကလည်း
သုဿာန်တစပြင်ပဲ…ဖြစ်နိုင်ရင် သုဿာန်တစပြင်ချင်း ရင်ချင်းထပ်ပစ်ချင်ပါရဲ့ဟာ

ရာသီတွေဘယ်လိုပဲပြောင်းသွားပြောင်းသွား ပုံပြင်တွေကဟောင်းမှာမဟုတ်တော့ဘူး
ငါချစ်ရတဲ့မင်း…ဒဏ်ရာတွေကိုထိုးခွင်းလို့ လင်းချင်းပစ်လိုက်စမ်းပါ…လင်း…ချင်း…ပစ်…လိုက်…စမ်းပါ

ကြည့်စမ်း…မင်းရဲ့ ရင်ခုန်သံဟာ လွတ်လပ်တေးသံတွေ မြိုင်လို့
မင်းရဲ့ အလှဟာ စည်းတွေဘယ်လောက်ခြားခြားမဝေးဘူးဆိုတဲ့ပုံစံနဲ့
မင်းရဲ့ အကြည့်မှာ ပြေးလွှားနေတဲ့ ကလေးလေးတွေကို ငေးရီငြိမ်သက်လို့
လိုင်ဇာ…မင်းဟာ ငါတို့ရဲ့ မြေ…ငါတို့ရဲ့ အခက်အလက်…ငါတို့ရဲ့ သွေးရင်းသားရင်း
ငါတို့ ကိုယ်တိုင်အလင်းမပွင့်နိုင်တဲ့မြေမှာမင်းရဲ့ရယ်သံလွင်လွင်လေးတွေဟာ လှလို့ပလို့…။    
                                                                                                ရွှေ ကြယ် မိုး

Monday, January 21, 2013

“ နှင်းဆီ ဖတ်စာ ”


ဇာတ်လမ်းတစ်ခုရဲ့ အစဟာ အခြားဇာတ်လမ်းတစ်ခုမှာ အမြဲတမ်းဆုံးတယ်
ခရေတွေထပ်ကြွေမယ်မှန်းသိရင် ဒဏ္ဍာရီကို ထပ်အရောင်မဆိုးနဲ့တော့ပေါ့
ဆင်ခြင်တုံတရားကို မပစ်ပယ်တတ်ခင်တုန်းက အမှန်တရားတိုင်းကို ချစ်ခဲ့ဖူးတယ်
အတ္တ layer ကို hide လုပ်ထားလို့ရပေမယ့် လုံးဝမရှိပဲနေမှာမှ မဟုတ်တာ
သူတို့ပဲဖြစ်ဖြစ် ခင်ဗျားတို့ပဲဖြစ်ဖြစ် ဘုရားသခင်မရှိလဲ ပုံမှန်အတိုင်းစီးဆင်းခွင့်ရှိတာပဲ
လူဆိုတာ အကိုင်းတစ်ကိုင်းနဲ့တစ်ကိုင်း စပ်ယှက်ထားတဲ့ ယဉ်ကျေးမှုမဟုတ်ဘူး
ဘယ်နည်းနဲ့မှ အလင်းမဖွင့်နိုင်တော့ဘူးဆိုရင် သေချာတာက ဒါ အမှားမဟုတ်တော့ဘူး
သူရူးတစ်ယောက်ကလည်း လူသားဆန်ခွင့်ရှိမှန်းခင်ဗျားသိရင် ခင်ဗျားငိုမိမှာ မလွဲပဲ
တစ်သက်တာလုံး စွန်းထင်းသွားစေတဲ့ အရာဟာ အမှတ်တရကောင်းတစ်ခုဖြစ်တယ်
ပုခက်လွှဲနေတုန်းမှာ အငိုတိတ်တဲ့ကလေးတစ်ယောက်လို သာယာမှုကို ကြိုက်ကြမှာပဲ
ပျော်ပျော်ရွှင်ရွှင်နေလို့ထိုင်လို့ရတယ်ဆိုတိုင်း အလွမ်းဇာတ်ကားကြည့်တာ ဆန်းမှမဆန်းတာ
ဥယျာဉ်တစ်ခုလို ခံစားခွင့်ရှိပေမယ့် ကိုယ့်ကိုယ်ကိုဖားလျားချထားရတာကို လိမ်လို့မရဘူး
လူဖြစ်ပါလျက်နဲ့ လူသားဝါဒကို ကျမ်းမကြေတဲ့သူတွေဟာ နိဗ္ဗာန်တရားကို လိုနေဦးမှာပဲ
အရာရာကိုအရှုံးပေးထွက်ပြေးတတ်တဲ့ လူတွေက သူတော်စင်ဆိုတဲ့ ဂုဏ်ကိုခံယူကြတယ်
စာပိုဖတ်လာတယ်ပဲပြောပြော ဖြစ်တည်မှုဝါဒီ ဖြစ်လာတယ်ပဲပြောပြော ခေါင်းညိတ်မိမှာပဲ
တစ်ယောက်နဲ့တစ်ယောက် သေနတ်ချင်းယှဉ်ပစ်ကြသလို အကုန်လုံးကစားနေကြတာ…
နာကျင်စရာကောင်းတဲ့ ထိရှမှုတိုင်းကို တွယ်ငြိလာတဲ့အခါ အချစ်ဆိုတာဖြစ်လာမှာ မလွဲပဲ
ကျကျနနငြင်းဆန်တတ်သူတွေမှာ မာယာပဲဖြစ်ဖြစ်၊ မေတ္တာပဲဖြစ်ဖြစ် ဆိုးကျိုးရှိမှာမဟုတ်ဘူး
ခင်ဗျားဘယ်လောက်ပဲမှန်နေမှန်နေ  မှားနေတဲ့လူသုံးယောက်နဲ့တွေ့ရင် ခင်ဗျားဟာရှုံးတော့တာပဲ
ထိကရုန်းတွေလို ပျော့ခွေကျသွားခဲ့ရတဲ့ လမ်းမထီးထီးကြီးတွေပေါ်မှာ မိုးတွေပြန်ရွာဦးမှာ သေချာတယ်
ပုဇင်းတစ်ကောင်လောက်ပဲဖြစ်ဖြစ် အသံကုန်အော်ခဲ့ဖူးတယ်ဆိုတာကလည်း အနှစ်သာရမဲ့ပဲ
ကုန်သွားတဲ့အချိန်တွေမှာ လွန်သွားတဲ့အရာတွေ ပြန်မရနိုင်တော့တာက လွမ်းစရာပဲပေါ့
တကယ်တမ်း ငါတို့ဆီမှာ အချစ်မပါဘဲနဲ့လည်း ချိုမြိန်တဲ့အနမ်းတွေကို ဖန်တီင်္းလို့ရနေတာပဲဥစ္စာ
Enter တစ်ချက်ခေါက်လို့ တက်လာတဲ့ စကားတစ်ခွန်းဟာ ခံစားမှုကို ရောင်းဝယ်မှုပြုတယ်
သူပုန်ပဲဖြစ်ဖြစ်…စစ်သားပဲဖြစ်ဖြစ် အေးအေးလူလူနဲ့ ဘ၀ကို ရှင်သန်သွားချင်သူချည်းပါပဲ
                                                                               ရွှေ ကြယ် မိုး

နံရံရေး ပန်းချီ

အပွင့်ပွင့်တွေ ဖွေးခနဲကျလာတယ်
ဇွန်ပန်းဖြူတွေရဲ့ ရာသီ လေညှင်းတသုန်သုန်ကြား
ပါးလျအိပ်မက်ထဲက လင်းလက်ခဲ့တဲ့ ကြယ်စင်
တစ်နွယ်ပြီးတစ်နွယ် ရစ်ခွေဆင်း အတိုင်းအဆမရှိ
အဲ့တာဟာ အတိုင်းအဆမရှိ

ခေါင်ခိုက်တဲ့ည အာရုံတွေခြစ်အော်
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ပုံရိပ်လေး
လျှောခနဲကျသွား…တစ်ကိုယ်တော်စုန်းစုန်းနစ်မှုတွေ
ကိုယ့်ကိုကိုယ် ပြန်ကောက်ယူလို့မရတော့
ညကမ္ဘာရဲ့ အုံ့သည်းမှောင်မိုက်ခြင်းတွေ
ဒါ…ဖြေဆည်မရနိုင်တဲ့ ဝေးကွာမှုမျိုး

တစ်ရက်ပြီးတစ်ရက် တစ်ရွက်ပြီးတစ်ရွက်
လေစိမ်းတွေဝေ ရေပြင်တွေပြောင်း
မဟောင်းတဲ့နာရီတွေကြားမှာ မနှောင်းတဲ့
အတိတ်တွေနဲ့ ဘယ်အရပ်ထံမှာ ခိုးနားနေမယ်မသိ

မဆုံးနိုင်တဲ့အတွေးတွေ ဖွါခနဲမှုတ်ထုတ်လိုက်တယ်
ဆေးလိပ်တိုတွေကျဲပြန့် ဒီညကြမ်းထဲ ဘယ်လို
အိပ်စက်မှုမျိုးရမလဲ

ကျောင်းတော်က ပွင့်အံကျလာခဲ့ဖူးတဲ့
ကောင်မလေးမရှိတော့ဘူး
ခိုးခိုးခစ်ခစ်ရယ်သံတွေမရှိတော့ဘူး
စောင့်ဆိုင်းခြင်းတွေမရှိတော့ဘူး
အဲ့ဒီ့ဒဿနိကဆောင်ကွေ့လေးမှာ
တစ်ခါကနရံပြောမှင်ခြစ်ကြောင်းတွေရယ်
သူရယ်လျှို့ဝှက်စွာကျန်ရစ်ခဲ့တယ်
                                       ရွှေ ကြယ် မိုး

Saturday, January 19, 2013

သေချာတယ်…ကိုယ်တို့ လိုအပ်နေတာ အချစ်မဟုတ်ဘူး

တစ်ဥတုပြီးတစ်ဥတုရှည်လျားလွန်းလှတဲ့ ကာလကြီးထဲ
ရာသီတွေမှားခဲ့ကြတယ်ဆိုရုံနဲ့ စိတ်တွေကို လွှတ်ကျောင်းလိုက်လို့
ဘယ်ဖြစ်ပါ့မလဲ…ဒဏ်ရာမဆန်တဲ့ ယုံကြည်ချက်ဆိုတာ မရှိဘူး

ကျောက်သားကျောက်စိုင်လိုမျိုး မာကြောချင်လှတဲ့ လက်တွေကို
ဖြေထုတ်ထားလိုက်ပါလား…ညည့်သန်းခေါင်ယံ…မတိတ်ချင်လဲ တိတ်ရမယ့်အခါ
မြေစမ်းခရမ်းပျိုးထားတဲ့ ငါတို့ရဲ့ သိက္ခာတွေကို သွေးတွေလို ဖောက်ချပစ်လိုက်လို့
ရနေတာပဲဥစ္စာ…ဘာကမှ ဘာမှမဟုတ်ဘူး…မြင်မြင်ရာအားလုံးရဲ့ တရားခံဟာ မျက်လုံးပဲ

စိတ်ကူးယဉ်ပြီး ယင်းသွားတဲ့ အနာမျိုးကို အဆုံးစီရင်ပစ်ခြင်းနဲ့ ကုပစ်မှရတယ်
သိမ်မွေ့ဖို့ပဲဖြစ်ဖြစ် …သူလိုကိုယ်လိုမှားနေကြတာပဲဖြစ်ဖြစ် …သိပ်မထူးဘူးမဟုတ်လား
အနှစ်သာရဆိုတာ အမြဲတမ်းအသစ်ကိုတောင့်တတယ်…ဘယ်လိုပုံစံတွေမှာပဲဖြစ်ဖြစ်
ပျော့ပျော့ပြောင်းပြောင်း ရှင်သန်ချင်ကြမှာပဲ…သေချာတယ်…ကိုယ့်ရဲ့ အဓိပ္ပါယ်ဖွင့်ချက်အရ
အချစ်ပဲဖြစ်ဖြစ် မေတ္တာပဲဖြစ်ဖြစ် လိင်ဆက်ဆံခြင်း\စီးကရက်ဖွါခြင်းလောက် အရသာရှိမှာမဟုတ်ဘူး

ခံစားမှုတွေကို ကွေ့ဝိုက်နေတာကလွဲရင် မင်းကို တခြားအရာတွေထက်စာရင် ပိုတောင့်တတာပေါ့…ဒါပေမယ့်
တစ်နေ့ပြီးတစ်နေ့ သံချေးလိုစွန်းထင်းနစ်ဝင်နေမှုတွေထဲ မင်းကငါ့ကိုချစ်လှပါချည်ရဲ့ ဆိုတော့ရော ဒီအချစ်ကို
ငါက ဘာလုပ်ရမှာလဲ…ဒီအချစ်ကို ဘယ်နေရာမှာ ထားရမှာလဲ…ငါ့ကိုယ်ငါ အတ္တကြီးလွန်းသွားတာပဲဖြစ်ဖြစ်
သေချာတာက တိုင်းပြည်အလင်းမပွင့်သလိုပဲ ဘာဆိုဘာမှ မမြင်ရတဲ့ ဘ၀တွေက အများကြီးပဲ…တကယ်တမ်း
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းမှီထားမိကျမှ ကြောက်စရာကောင်းတာတွေကို ပိုမြင်မိကြမှာ…အဲ့ဒီ့မှာ
ပြောပြောနေတဲ့ အချစ်ကို ဘယ်မှာသွားရှာမလဲ…ထပ်ပြီးသေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး

ငါတို့တွေရဲ့ တည်ရှိဖြစ်တည်နေခြင်းတွေဟာ အချစ်ဆိုတဲ့အရာထက် ကျော်လွန်ခမ်းနားတာ သေချာတယ်
မီးစဆန်တဲ့ အနမ်းကိုက မယုံကြည်ရင်မဖြစ်တဲ့သာယာမှုပဲ…လူ့အဖွဲ့အစည်းတစ်ခုလုံးကို ငြင်းဆန်ပစ်လိုက်လို့ရတယ်
လူသားဆန်ဝါဒကိုတော့ ဘယ်သူ့မှ ငြင်းဆန်လို့ရမှာမဟုတ်ဘူး…အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ငါတို့ဟာ လူဆန်တယ်
သူ၏ ငါ၏ ဆိုတာတွေထဲက သွားတိုက်ခြင်း…ခေါင်းဖီးခြင်း…လိင်ဆက်ဆံခြင်း …တွေဟာ ပြီးပြည့်စုံတဲ့ အမှန်တရားတစ်ခုပဲ

“ကိုယ်ဒဏ်ရာတွေကို မလိုချင်ဘူး…ဒါပေမယ့် မဖြစ်မနေ တစ်ခုခုကို ယုံကြည်ရမယ်ဆိုရင်တော့ ဒဏ်ရာဆိုတာ ရှိလာမှာပဲ
အများကြီးမပြောဖြစ်ကြရင်တောင် မုသားမဟုတ်တာ ပိုကောင်းတာပေါ့…ကိုယ်လုံးပေါ်မှန်ထက် မျက်စီတွေက ပိုအရေးပါတယ် ရယ်ချင်စရာဆိုလို့ ယဉ်ကျေးမှုအမွေအနှစ်ဆက်လက်ထိန်းသိမ်းရေးဆိုတဲ့စကားလုံးကလွဲလို့ ကိုယ်တို့ကြားမှာ ဘာကျန်ဦးမလဲ
စိတ်ကူးတချို့က လူ့အဖွဲ့အစည်းကို ဘောင်ခတ်ပစ်လိုက်ကြတယ်…ဘာပဲဖြစ်ဖြစ် ရင်ဖုံးအိင်္ကျီနဲ့ မင်းက ကြည့်လို့ကောင်းတယ်
ဒါပေမယ့် အခန်းတစ်ခုခုထဲ ရောက်နေကြရင်တော့ မင်းရဲ့ ရင်ဖုံးအိင်္ကျီဟာ မင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ရမှာ မလွဲပဲ”

သေချာတယ်…ကိုယ်တို့လိုအပ်နေတာ အချစ်မဟုတ်ဘူး
                                                          ရွှေ ကြယ် မိုး