Wednesday, February 13, 2013

ခါးသက်မှုဆိုတာလည်း အမှန်တရားပဲ နွားမရွှံ့ပိတ်ကလည်း အမှန်တရားပဲ ဘာလို့ငြင်းနေကြတာတုန်း


ခနခနခြေကျွံကျတတ်တာကိုက အမှန်တရားဖြစ်ခဲ့တာပဲ
ပညတ်ချက်တွေထွက်သွားစမ်းပါ…ကျောသပ်ရင်သပ် ချော့မြူမှုတွေမှာ
ငြိမ်ဆင်းပေးခဲ့ရပေမယ့် လူပဲ တစ်ခါတစ်လေမှာတော့ ရုန်းထချင်တာပေါ့
ခပ်ပါးပါးရယ်နေရတဲ့ နေသားတကျဖြစ်မှုတွေမှာ ငြိမ်သက်ငြိမ်းချမ်းရေးမရှိဘူး
လှုပ်ရှားငြိမ်းချမ်းရေးပဲရှိတယ် ခါးသက်မှုတွေမြိုမကျဖြစ်နေပုံကစလို့
ငါတို့ကို တကွဲတပြားဖြစ်သွားစေတာပါ လူတစ်ယောက်ရဲ့ အဆိပ်ဟာ
ဘယ်နည်းနဲ့မှ ဖြေဆေးမရှိတော့ အသိတရားကိုယ်တိုင်က နောက်ကျတတ်တာ
သိရတော့ ဆင်ခြင်တုံတရားဆိုတဲ့အရာကိုလည်း မြောင်းထဲလွှင့်ပစ်လိုက်ပြီလေ
ကိုယ့်ခြေရာတွေကိုယ်ပြန်မော့သောက်တာပဲ သန့်ရှင်းပါတယ်
အဖြူရောင်တွေမှာ မာယာတွေအရမ်းပါတာပဲ ခလေးတို့ရယ်

ဟွန်းသံတွေ၊ ပြီးတော့ ထိုးခုတ်သတ်ဖြတ်သံတွေ ရယ်သံတွေ အကုန်လုံးက
ဂီတရသမြောက်လာမှတော့ ကိုယ့်ကိုယ်ကို အိတ်သွန်ဖာမှောက်ရှာဖွေရခြင်းဟာ
ကြောက်ဖို့အကောင်းဆုံးပါပဲ
လည်ချောင်းထဲကို လိုလိုလားလားစီးဝင်သွားတဲ့ အငွေ့တွေနဲ့
ကိုယ့်ကိုယ်ကို ပျော်နေတတ်ပြီ ဆုရွေးချယ်ရေးအဖွဲ့တွေကို မယုံတော့ဘူး
တစ်ယောက်က နောက်ကျောလုံအောင် သံရဂုဏ်တင်ပြီးပြီလားမေးတော့
ဘာမှပြန်မဖြေဖြစ်ပဲ လက်ထဲက စီးကရက်လေးကိုသာ ထောင်ပြဖြစ်လိုက်တယ်

လိုချင်တာရှိရင် လာခဲ့ကြလေ
ငါ့ဆီမှာ ပေါက်နေတဲ့နဖူးတွေရှိတယ်
မြောင်းထဲမှာတောင် အံထပ်ချော်ချင်တဲ့ ကားဘီးတွေရှိတယ်
စီစီဖတ်ရဲ့ ကျောက်တုံးတွေရှိတယ်
နွားမရွှံ့ပိတ်တွေရှိတယ်

အကြောင်းရာတွေအကုန်လုံးကို လိုက်မမှီတော့ဘူးမဟုတ်လား
ဒီတင်ပဲ တစ်ခန်းရပ်ကြပါစို့…ရှေ့ကမြစ်ဟာ ဘော်ငွေရောင်တွေတလက်လက်နဲ့
ငါနဲ့ ငါတို့ရဲ့ အမှန်တရားတွေ အစုန်အဆန် ကူးလို့ ခတ်လို့
သေချာတာက ဒီမြစ်ဟာ ဘယ်မိခင်နဲ့မှ ရင်ချင်းမအပ်မိဘူး
ပြီးတော့ ဒီမြစ်ဟာ ဘယ်တော့မှ မစီးဆင်းဘူး
                                                ရွှေ ကြယ် မိုး

No comments:

Post a Comment