ရှိုက်ထုတ်…
ဖင်စီခံတွေလည်း
လောင်မြိုက်ခဲ့…မုသားဖြူ\ရောင်စုံ ဘာမှမကွာ
ငေးရီ…သေမိန့်ပေးပြီးသားလား…ဟောတစ်လိပ်..တစ်လိပ်…တစ်လိပ်
အနုပညာကို
ဆာလောင်လှတဲ့ ငါ့သစ္စာ …ရူဘီအမှတ်တံဆိပ်…လင်းလင်းချင်းချင်း
မမှန်တဲ့အခါ
အမှားတွေကပြက်ရယ်ပြုလို့နေ…ဖြစ်တည်မှုပဓါန၀ါဒလက်နက်
ခန္ဓာကိုယ်အနံ့သွေးကြောတွေထဲ…ပူမြစီးဝင်သွား…ပန်းခရမ်းပြာတေးသံသဲ့သဲ့
နားထဲဝင်လာ
လမ်းတံတားဖြူနေရာလေးကကော
တေးသံလွှမ်းခဲ့ပြီလား…စီးကရက်မီးခိုးငွေ့တွေအူ
မီးခြစ်ကိုယုယုယယ
ပွတ်သပ်လိုက်တော့ တစ်ခါက လက်တစ်ဖက်ခေါင်းထဲရောက်လာ
ခြွေချလိုက်တဲ့ပြာမှာ
အရာရာကို အိတ်ဇစ်တရားတွေဝင်ဆောင့်လိုက်သလို
မျက်တွင်းတွေဟောက်ပက်…အစစအရာရာ
သတိမမြဲနိုင်တော့ဘူး…ကဗျာဆရာ
ယုံကြည်ချက်တော်တော်များများနဲ့ဝေးခဲ့နိုင်တယ်…စီးကရက်နဲ့တော့
အဝေးမခံနိုင်
အနာဂါတ်မသိ\မရှိ…ဒဏ်ရာမကင်းတာကိုက
လူသားဆန်ခြင်းတစ်မျိုးပဲ
နောက်ကျောဓါးတွေနဲ့
မြိုင်က-ကတာ ပြီးပြီ…စိတ်ပြေလက်ပျောက် ယုံကြည်ခြင်းမျိုးတွေ
သူငယ်ချင်း
မင်းနေခဲ့တော့\သွားနှင့်တော့…အဆုတ်တစ်ခြမ်းကနေဆောင့်တက်လာ
နွေးထွေးခြင်းများဖိန်းတိန်းရှိန်းတိန်း
ပေါင်တံဖြူလေးကိုကြည့်နေရင်း တစ်ရှိုက်ပြီးတစ်ရှိုက်
ပိုက်ဆံတွေကျလာတာတော့မဟုတ်…မေတ္တာပေါ်ကြေးတင်ထားတဲ့
ဂုဏ်သိက္ခာ
ကြောက်မက်ဖွယ်တွေအတိ…ခေါင်းခါထုတ်လိုက်ရင်း
စုတ်ယူထားသမျှကို မှုတ်လိုက်တယ်
ဆံပင်တွေ
ဂုတ်ပေါ်ထောက်ကျလာတဲ့ ခံစားမှု…မအိုက်စပ်တော့ပဲ နှစ်ခြိုက်လာတယ်
ဒါလည်း
ပြယုဂ်တစ်ခု…မိုက်တွင်းတွေကတော့ ဒီ့ထက်နက်ကောင်းနက်ဦးမှာ သိပ်သေချာ
သူလိုကိုယ်လိုဖြစ်တည်မှုလေးထဲမှာမှ
အဝေးဆုံးရော အနီးဆုံးရော ဝေးသထက်ဝေးသွား
ငါဟာ
ခေါင်းမငြိမ့် ကျောက်ဖြစ်မျက်နှာ…ပြုံးပြုံလေးပဲ ငြင်းဆန်တယ် နိုင်ထက်စီးနင်းမဟုတ်
ကိုယ့်ကိုယ်ကိုအတွက်
…လက်တလောဖြေသိမ့်စရာ စီးကရက်များ သက္ကရာဇ်တွေထပ်လာ
မခံနိုင်ဘူး…တွန်းတင်လိုက်တဲ့ကျောက်တုံး
ပြန်လှိမ့်ချလိုက်ရပြန်…ငါလည်း စီစီဖတ်ပဲ
သူ…ငါ…နင်
မပြောချင်ရင် အောင့်လုံးတွေကိုအောင့်ထား…အမျှင်တွေတန်းထားသမျှ
ဒါ
စေ့စပ်ကြောင်းလမ်းခြင်းတစ်ခု…ပြက်လုံးတွေပေရေ… ကြိုတင်အကြောင်းမကြားထားဘူး
ရယ်ရတာတွေ
ဘယ်ဆီကိုများလွင့်ပါသွား…လက်တစ်ဖက်ဆန့်တန်းလာ…ပူမြတဲ့လည်ပင်း
ငါ
ရိုင်းဆိုင်းကောင်းရိုင်းဆိုင်းသွားမယ်…ဒီမှာဘ၀ရဲ့ ဒဏ်ခံ စီးကရက်များ လှလို့ ပလို့…။ ။
ရွှေ
ကြယ် မိုး
No comments:
Post a Comment