နင်မယုံရင်လည်း ရှိပါစေ
နင်လက်မခံရင်လည်း နေပါစေ
အသိတရားဆိုတာ အရေခွံဆန်ဆန်လှနေတာတစ်ခုပဲ
ငါ ပြပြဖြစ်ခဲ့တဲ့ အကြည့်တွေက စိတ္တဇဆန်ဆန်ရုပ်ရှင်
နင့်အပြုံးတွေက ဒီရုပ်ရှင်တစ်ခုလုံးရဲ့ သည်းထိတ်ရင်ဖို အပိုင်း
မိန်းမတစ်ယောက် လက်ခံလေ့မရှိတဲ့ စီးကရက်တွေကို
နင့်ရှေ့မှာငါ အရမ်းသောက်ဖြစ်တာပဲ…စိတ်မကောင်းပါဘူး
ဘာဆိုဘာမှအဆင်မပြေတဲ့အချိန်မှာ မြိုချမိတဲ့အငွေ့တွေက အရမ်းများတယ်
ငါ့မျက်နှာတွေကျကျလာသလောက် နင့်မျက်နှာလေးက ပြည့်တင်းဆဲ
နင့်ရဲ့ အလှတရားတွေကို ဖွဲ့သီဖို့ ကဗျာစာသားများစွာ ရှာဖွေဆဲပါပဲ
မြင်မြင်သမျှအရာတွေက စူးရှပွင့်လင်းလို့…
ဝေးခဲ့ပြီပန်းခရမ်းပြာသီချင်းတွေဆိုရင်း တကယ်ဝေးသွားကြမယ်ထင်တာ
အခုလိုမျိုး နဖူးတွေ့ ဒူးတွေ့ ပြန်ဆုံဖြစ်ကြတဲ့အခါ စိတ်တွေယောက်ယပ်ခတ်နေမိ
ရှောင်ရှောင်ထွက်သွားဖို့ကြိုးစားတဲ့ နင့်အကြည့်တွေနောက်လိုက်ရင်း
ငါ့မျက်စိတွေ အံသေလာတယ်…နင်က ပန်းပန်လျက်ပဲဆိုတဲ့ ပုံစံမျိုးနဲ့
ပင်နီအကျီ င်္ဝတ်လေ့ရှိတဲ့နင့်အကြောင်း ကဗျာတွေက ငါ့ပင်နီလွယ်အိတ်ထဲမှာ
အလေးပင်ဆုံးပဲ…ဘယ်ကမ်းကပ်ရမယ်မှန်းမသိဖြစ်နေတဲ့လူ တစ်ခါခါမှာတော့
မုန်တိုင်းမိလာတဲ့ သင်္ဘောတစ်စင်းလို နင့်ဆိပ်ကမ်းမှာ ၀င်ကပ်ပစ်လိုက်ချင်တယ်
နင့်ရဲ့ အသွင်သဏ္ဍာန်ကိုပြောပြရမယ်ဆိုရင် အရုပ်တစ်ရုပ်ပုံစံမျိုးပဲ
နင့်အရပ်ဟာ ငါ့ရဲ့ ညှပ်ချပစ်လိုက်တဲ့ ဆံပင်တစ်ပုံစာလောက် နိမ့်မယ်
နင့်ဦးနှောက်ဟာ ငါ့ရဲ့ မိုက်တွင်းနက်နက်တစ်တွင်းစာလောက် ကျယ်ပြန့်မယ်
နင့်ပညာဟာ ငါ့ရဲ့ သင်နိုင်ခွင့်မရှိခဲ့တဲ့ သင်ခန်းစာတစ်ခုစာလောက် တတ်မယ်
တင်ြငြိဖြစ်နေတဲ့ စွန်လိုပဲ… ၀ဲကာ ပတ်ကာနဲ့…ငါတို့ဟာ ဖြစ်တည်လို့နေ
ဒါလည်း ခေတ္တခဏတွေ့ဆုံမှုတစ်ခုပါ…အချိန်ဆိုတာ စေ့သွားလေ့ရှိတာပဲ
နင့်ကို မျက်လုံးတွေနဲ့ ပြုံးပြရင်း အိမ်ပြန်ချိန်ရောက်လာပြီမှန်း သိလိုက်ရတယ်
နောက်ပိတ်ဆုံးမှာတော့ နင်လည်း ထပြန်သွားရတာပဲ မဟုတ်လား
(ချောင်းတစ်ခုရဲ့တစ်ဖက်တစ်ချက်စီကို ငါတို့တွေ ပြန်ခဲ့ရတာပဲ မဟုတ်လား)
ပါးပါးလေးပုတ်တဲ့ ဘောလုံးလေးတွေလို နေထိုင်ကြတာပေါ့…ဆုမွန်ကျော်..။ ။
ရွှေ ကြယ် မိုး
No comments:
Post a Comment