Tuesday, December 25, 2012

Illusory self ရဲ့ ထုံကျဉ်နေတဲ့အသိတရားတွေကို အချစ်လို့ ခေါင်းစဉ်တပ်ခဲ့ကြတာ



ရောင်စုံဆန်ဆန် အသိတရားတစ်ခုတည်းမှာ ကျကျကွဲလေ့ရှိတာက ငါတို့
တစ်လောကလုံး …တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ခေါ်ဝေါ်သံတွေ
မွန်းကြပ်ဖိစီးနေတဲ့ စိတ်တွေထဲ အစားပြန်မရခြင်းများ…ငါမှ ငါများစွာသို့တိုင်
ထာဝရမရှိတော့တာလား…ဘီးလှိမ့်ဝင်လာတဲ့ရထားက အရိပ်ဟာ သေရာပါ
အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တတွေကို လေ့လာရကောင်းမှန်းသိခဲ့
တစ်ဖက်စီဝေးသထက် ဝေးဝေးလာ…အကောင်းဆုံးဖြစ်အောင် သိမှုတွေကပဲ
ဒီအချိန်မှာ ငါတို့ကို နစ်မွန်းသွားစေခဲ့…အပ်ကလေးတစ်ချောင်းက စလို့
ဟိုး…မြူစိုင်မြူခဲတွေထိ ငါတို့ ချန်လှပ်ထားခဲ့နိုင်ရင်ကောင်းမှာ…
ရက်စက်လွန်းတဲ့ လူ့အဖွဲ့အစည်းမှာ…ခေါင်းရော ပန်းရောဟာ သေဒဏ်ပဲ
စက်ရုပ်တွေကို နေရာပေးလိုက်ကြရတယ်…သီချင်းတွေက အသက်မ၀င်တော့ဘူး
ကိန်းဂဏန်းတစ်ခုအရ သူရဲကောင်းဖြစ်သူဟာ ကျန်ကိန်းဂဏန်းတွေရဲ့ ရန်သူပဲ
မရမှန်းသိနေခဲ့တဲ့ ငါတို့ရဲ့လက်ဖြန့်ခြင်းတွေ…တစ်နေ၀င် တစ်နေထွက်…မောပန်းလို့
မုတ်သုန်လေဟာ ဆက်လက်၍ အားကောင်းနေပြီး ငါတို့ဟာ လေနှင်ရာ ရွေ့လျားမျောပါ
မဟုတ်ဘူးလို့ မငြင်းဆန်နိုင်တာက တစ်ကြောင်း…ဒါကိုဘယ်လို အဓိပ္ပါယ်သတ်မှတ်ရပါ့
နေ့ရော ညပါ တောင့်ခံထားခဲ့တဲ့ သစ္စာဆိုတာ မဖြစ်နိုင်တော့တဲ့ ၀န်ထုပ်ဝန်ပိုးမှန်းနားလည်မိ
စည်းဝိုင်းအပြင်ဘက်ကို ယုံကြည်ခြင်း\မယုံကြည်ခြင်း…ဘယ်အရာကိုမှ တိတိပပ မပြောနိုင်
အသေချာဆုံးလို့ထင်ရတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြန်ရှုနေတဲ့ အသက်တွေတောင် တငွေ့ငွေနဲ့
မေ့မေ့လျော့လျော့ဖြစ်သွားကြတာ…မျက်စိရှေ့မှာတင် မှတ်မှတ်ရရကို ပျောက်ကွယ်သွားတာ…
ချောင်းဆိုးသံများ…နှလုံးသားကို မပြုမပြင်ပဲ အသစ်မလုပ်နိုင်တော့…သွေးပါချင်လာတဲ့ သလိပ်ဖတ်
စီးကရက်အခိုးအငွေ့တွေ …လာရတာလွယ်သလောက် အပြန်မျက်နှာပန်းမလှကြ…ငါတို့
တစ်ခါတစ်ခါမှာ လူသေတစ်ယောက် ဒါမှမဟုတ် သေလူတစ်ယောက်လို ခံစားနေရ
စိတ်တွေနွမ်းနယ် …အဲ့ဒီ့အချိန်ရောက်လာရင် ငါ့ဆံပင်တွေက သိပ်ကိုရှည်လျားနေတော့မှာ
ဦးနှောက်ရဲ့ central canal တစ်လျှောက် အကြေကြေ အမွမွ …မီးလိုအရိပ်များ ခယ
ဒါတွေဟာ ခပ်မှုန်မှုန်လေးနဲ့ အထင်ရှားဆုံးဖြစ်နေတဲ့ ပန်းချီကားတွေ…မငြင်းနဲ့
တစ်ခါတစ်ခါမှာ ခပ်ဟဟရယ်လိုက်ခြင်းတွေက ဒဏ်ရာကို ပိုမိုနာကျည်းလာစေပြီး
နင်ကိုယ်တိုင်က ငါ့ရဲ့ အဲ့ဒီ့လိုရယ်မောခြင်းတွေကို နာနာကျင်ကျင်သွေးပျက်နေတော့တာ
Pons တစ်ခုလုံး ဘာကိုမှ သယ်ယူနိုင်ခြင်း မရှိတော့…ပိတ်ဆို့မှောင်မိုက်…bye bye
စိတ်ကူးထဲမှာ ဓါတ်ပုံတွေ ရှိတယ်…ရိုက်ထုတ်နိုင်မယ့် စက်တစ်လုံးပေါ်လာတဲ့အခါကျမှ
အခုလိုေ၀၀ါးခြင်းတွေ သဲကွဲသွားမယ်…အခြေအနေအကြောင်းကြောင်းကြောင့်အရ
လက်ရှိတလျှောက်လုံး…ငါတို့ ကိုးကွယ်လာကြတဲ့ တလျှောက်လုံး ၀ိုးတိုးဝါးတားဖြစ်
မသိစိတ်နဲ့ သိစိတ်တွေ မသိမသာ စပ်ယှက်…အားလုံးလိုလို မှားယွင်းခဲ့ကြမိတာ…။             
                                                                             ရွှေ ကြယ် မိုး
Illusory self = အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တ
Central canal = ဦးနှောက်ဗဟိုပြွန်လမ်းကြောင်း
Pons = ဦးနှောက်ဆုံ

Tuesday, December 11, 2012

ငါ့မှာသစ္စာရှိတယ် ဘယ်လောက်ပေးမလဲ ရောင်းမယ်

လူတွေဟာ ပြေးမလွတ်တော့ဘူး
ဖြတ်ခနဲဝင်လာတဲ့ တရား…နောက်ကြောင်းတွေမှာ နောက်ကျောဓါးတွေ
ပညာအရေအချင်းဘာသာတရား အားလုံးဟာ  အတ္တရဲ့ အောက်မှာ ပြားဝပ်
ရုန်းကန်ရင်ဆိုင်ရသမျှက လူ့စည်းဝိုင်းထဲမှာပဲ..ကြောက်စရာတွေကသေသပ်စွာနဲ့
ငယ်ငယ်က ဖြူစင်မှုတွေကိုချစ်ခဲ့သမျှ ခုတော့ ကြားခံအရောင်ချယ်ဖို့ အသုံးဝင်လာ
တောတွေကို မရှင်းနိုင်တော့ဘူး…စိတ်ဓါတ်တွေကိုယ်စီမှာ ထိုးနှက်မှုတွေပါဝင်
ညပဲရောက်ရောက် နေ့ပဲရောက်ရောက် ဘယ်တော့မှ မဟောင်းနိုင်တဲ့အချိန်တွေ
ထိလိုက်တာလား…သိလိုက်တာလား…အတိတ်ဆိုတာမရှိတော့ဘူး…လူသားနာကျင်မှု
အားစိုက်ပြီးတော့ ပြေးလိုက်တာပဲ…ငါတို့တွေ…အချိန်စက်သီး…လွှမ်းမိုးမှုဝါဒများ
ဘယ်နေရာကိုကြည့်ကြည့် ၀ါးမျိုနေကြပြီ…ဘာသာတရားနဲ့ လူ့အဖွဲ့စည်း ကင်းကင်းလာ
အားစိုက်ထားတဲ့လက်တစ်ဖက်ဟာ နာကျင်ခြင်းပဲ…ယုံကြည်ချက်…ပိတ်ဆို့နှောင်ဖွဲ့မှု
မေတ္တာသည်သာအေးငြိမ်းရာတဲ့… လူလူချင်း ပဌာန်းတွေ အပြန်အလှန်ရွတ်ကြ
နောက်ဆုံးထွက်ပေါက်ဟာေ၀၀ါး… လမ်းကြောင်းတွေ မီးခိုးလို ဟစ်အူကြ
အခုရှိနေတာက ပြင်မရတဲ့ သမိုင်း…လူ့ရဲ့အသိညာဏ်တွေ ချောင်ပိတ်…
နာရီထဲငုံ့ကြည့် … ကိုယ်ချင်းစာတရား…ရေတွင်းပျက်ထဲကက ရေဟာ အားဆေးတစ်ခု
ဗိုက်အရမ်းဆာတဲ့အသိ…ဒုန်းဆိုင်းနှင်နေတဲ့ ကမ္ဘာ…ကပ်ဆိုးတွေက ရေမဆေးပဲ စားလို့ရ
ဒီလောကကို တည့်တည့်ရင်ဆိုင်ကြည့်လိုက်ရင် သစ္စာကြီးလေးပါးကို ရောင်းဝယ်လို့နေ
ကြော်ငြာထဲက နတ်သမီးက သိန်းနဲ့ချီရတယ်…လိမ်လည်မှုဟာ ၀မ်းဝစေ…
တိုးတက်လာတာလား…အော်ဟစ်နေတာတောင် ဘယ်သူမှ လှည့်မကြည့်ကြဘူး…
ငါ့ တစ်သက်တာအတွေ့ကြုံမှာ လူလူချင်းကြောက်လို့ ပရိတ်ရွတ်နေတာသာ ရှိတယ်…
ခေတ်ပေါ်မေတ္တာတစ်ခုဟာ တစ်ည ခုနှစ်ထောင်ကနေ တစ်သောင်းခွဲအထိဈေးပေါက်တယ်…
မိတ်ကပ်တွေနဲ့ ရယ်သံက အကယ်ဒမီရ… တရားဆိုတာ ချပြလို့မရတော့…ရိုးအီလာ
သွတ်သွင်းထားတဲ့ အစာသွတ်ဘူးထဲက မှိုများ…ဖောက်ချထားတဲ့ရင်ဘတ်ဟောင်းလောင်း…
ဘယ်ဘုရားမှ မဟောခဲ့တဲ့ တရားမှာ ငါတို့ခေတ်ကြီးပါမယ်…ပိုက်ဆံရှိတဲ့ လူတွေ ရှေ့တက်ခဲ့
ရိုးရိုးလေးတွေးကြည့်လိုက်ရင် တစ်လက်မတောင် နေစရာမရှိတော့ဘူး … တိုးတက်လှပေါ့ ခေတ်
ကြောက်လိုက်တာ…အိပ်ရင်းအိပ်ရင်း သေရတာ ပျော်လာတယ်…မနက်ဖြန်…မယုံဘူး…မရှိဘူး
လူတစ်ကိုယ်စာ အချစ်တစ်ခု…မြင်မြင်ရာနာကျင်မှုတွေမှာ စွဲလန်းမှုတွေ တရိပ်ရိပ်တိုး
ခေတ်ကြီးကိုက သံချေးတက်တက်သွား…မိုးမျှော်တိုက်တွေကြား ပိပြားနေ…သင်ခန်းစာများ
ရုပ်ရှင်ကားထဲက မှော်ဆရာကြီး အနိုင်ရသွားတယ်…ငါတို့ လှုပ်လို့မရတော့…
မျက်ကွယ်ရာ ဖုန်းဆိုးပဲ… မယုံရင်လာခဲ့…အကြောက်တရားတွေ ၀ှက်ထားတယ်
ငါ့ကို လွှတ်ပေးပါ… လူတွေ…လူတွေ…လူတွေ… လိုက်ရှာမိသမျှက မလှပတဲ့ ရုပ်ကြွင်း
ငါလဲလူလိုသူလို အချစ်တွေနဲ့…ခေါင်းစဉ်တွေကွဲလာ…တူရာတူရာတွေေ၀၀ါး
အရမ်းချစ်ပါတယ်… ငါ သိပ်ကြောက်နေပြီ…ချစ်တာနဲ့ သစ္စာ ညှိလို့ရတော့မယ် မထင်နဲ့
လူတွေကြားထဲ ငါလည်းပြေးမလွတ်တော့မယ်အတူ သစ္စာတရားကို ချရောင်းလိုက်တော့မယ်။      
                                                                                                            ရွှေ ကြယ် မိုး

ဇာခြည်ရဲ့ အိပ်ခန်းနရံမှာရေးမှတ်ထားရမယ့်အရာတွေ


ဟန်ဆောင်ရယ်နေရတာတွေ နေသားကျလာပြီ
ဆောင်းလိုအေးရိပ်အေးဟန်တွေ နွမ်းရိလျော့ရဲသွား
တငွေ့ငွေ့နဲ့ လှိုက်လောင်…ဇာခြည်…မင်းယုံထားတဲ့
ပုံပြင်ဆန်ဆန်အသိတရားတွေလဲေ၀၀ါးသွားတာပါပဲ

ခြေလှမ်းတွေ ပိုစိတ်လာကြ…အစုန်အဆန်…ခေါက်တုံ့ခေါက်ပြန်
လက်တစ်ဖက်ထက် နောက်ထပ် လက်တစ်ဖက်က ပိုဒာရီဆန်
အကြည့်တစ်ခုထက် နောက်ထပ် အကြည့်တစ်ခုက ပိုမိုေ၀၀ါး
မမြင်ရသေးတာမှန်သမျှ အသစ်ဖြစ်တယ်ဆိုတာ ငြင်းလို့မရတော့

ရူးနှမ်းနေတဲ့အသိတရားတွေကို ဖဲ့ချပစ်လိုက်တိုင်း
ငါတို့တွေ မပေါ့မပါးပျော်မှုရွှင်မှုတွေနဲ့ ရှိနေပါလားဆိုတာ ပိုပိုသိလာရ
ဇာခြည်ရယ်…မင်းရဲ့ အသိတရားတွေကို ကြိုက်သလောက်ချဲ့ထားလိုက်စမ်းပါ
မင်းဘယ်လောက်အကွာအဝေးထိ မြင်နိုင်မြင်နိုင် မမြင်ရတဲ့အရာတွေကသာလျှင်
မြင်ရတဲ့အရာကို စောင့်ကြည့်ခွင့်ရှိတယ်…ဇာခြည် ဒါကိုမင်းအိပ်ခန်းနရံမှာ ရေးထားလိုက်

တွဲလျားချထားတဲ့ လက်တွေ အေးစက်လို့…ဖြစ်သင့်သမျှတွေ ဖြစ်မလာခဲ့
လရောင်လျော့ရဲရဲအောက် တစ်နေ့တာလုံး အလုပ်လုပ်ထားသမျှ အပန်းပြေဖို့
မင်း လမ်းဆင်းလျှောက်တဲ့အခါ  ငါဟာအရင်ကလို မင်းကို ငေးကြည့်မနေချင်တော့ဘူး

ခိုးကြောင်ခိုးဝှက် စွန့်စားခန်းတွေက နာကျင်စရာတွေဖြစ်လာပြီ
နှစ်ယောက်စလုံးနစ်မြုပ်ပြီးနေတာတောင်မှ အောက်စီဂျင်တွေရနေသလို
ငါတို့တွေက ဟန်ဆောင်အသက်တွေ ရှုရှူပြနေရသေးတယ် ဒါတွေလည်း
မင်းအိပ်ခန်းနရံမှာ ရေးထားရမယ့် အကြောင်းတွေပဲ ဇာခြည်

ငါဟာ နင့်ကိုသိပ်ချစ်တာကလား
ဒါလည်း နင့်အိပ်ခန်းနရံမှာ ရေးမှတ်ထားရမယ့် အရာတွေပေါ့ ဇာခြည်…။             
                                                                            ရွှေ ကြယ် မိုး

Tuesday, December 4, 2012

မှန်နေတဲ့အမှားလေးတွေအစား စီးကရက်တွေကိုပဲအသေခံ ရွေးလိုက်တယ်



ရှိုက်ထုတ်…
ဖင်စီခံတွေလည်း လောင်မြိုက်ခဲ့…မုသားဖြူ\ရောင်စုံ ဘာမှမကွာ
ငေးရီ…သေမိန့်ပေးပြီးသားလား…ဟောတစ်လိပ်..တစ်လိပ်…တစ်လိပ်       
အနုပညာကို ဆာလောင်လှတဲ့ ငါ့သစ္စာ …ရူဘီအမှတ်တံဆိပ်…လင်းလင်းချင်းချင်း
မမှန်တဲ့အခါ အမှားတွေကပြက်ရယ်ပြုလို့နေ…ဖြစ်တည်မှုပဓါန၀ါဒလက်နက်
ခန္ဓာကိုယ်အနံ့သွေးကြောတွေထဲ…ပူမြစီးဝင်သွား…ပန်းခရမ်းပြာတေးသံသဲ့သဲ့ နားထဲဝင်လာ
လမ်းတံတားဖြူနေရာလေးကကော တေးသံလွှမ်းခဲ့ပြီလား…စီးကရက်မီးခိုးငွေ့တွေအူ
မီးခြစ်ကိုယုယုယယ ပွတ်သပ်လိုက်တော့ တစ်ခါက လက်တစ်ဖက်ခေါင်းထဲရောက်လာ
ခြွေချလိုက်တဲ့ပြာမှာ အရာရာကို အိတ်ဇစ်တရားတွေဝင်ဆောင့်လိုက်သလို
မျက်တွင်းတွေဟောက်ပက်…အစစအရာရာ သတိမမြဲနိုင်တော့ဘူး…ကဗျာဆရာ
ယုံကြည်ချက်တော်တော်များများနဲ့ဝေးခဲ့နိုင်တယ်…စီးကရက်နဲ့တော့ အဝေးမခံနိုင်
အနာဂါတ်မသိ\မရှိ…ဒဏ်ရာမကင်းတာကိုက လူသားဆန်ခြင်းတစ်မျိုးပဲ
နောက်ကျောဓါးတွေနဲ့ မြိုင်က-ကတာ ပြီးပြီ…စိတ်ပြေလက်ပျောက် ယုံကြည်ခြင်းမျိုးတွေ
သူငယ်ချင်း မင်းနေခဲ့တော့\သွားနှင့်တော့…အဆုတ်တစ်ခြမ်းကနေဆောင့်တက်လာ
နွေးထွေးခြင်းများဖိန်းတိန်းရှိန်းတိန်း ပေါင်တံဖြူလေးကိုကြည့်နေရင်း တစ်ရှိုက်ပြီးတစ်ရှိုက်
ပိုက်ဆံတွေကျလာတာတော့မဟုတ်…မေတ္တာပေါ်ကြေးတင်ထားတဲ့ ဂုဏ်သိက္ခာ
ကြောက်မက်ဖွယ်တွေအတိ…ခေါင်းခါထုတ်လိုက်ရင်း စုတ်ယူထားသမျှကို မှုတ်လိုက်တယ်
ဆံပင်တွေ ဂုတ်ပေါ်ထောက်ကျလာတဲ့ ခံစားမှု…မအိုက်စပ်တော့ပဲ နှစ်ခြိုက်လာတယ်
ဒါလည်း ပြယုဂ်တစ်ခု…မိုက်တွင်းတွေကတော့ ဒီ့ထက်နက်ကောင်းနက်ဦးမှာ သိပ်သေချာ
သူလိုကိုယ်လိုဖြစ်တည်မှုလေးထဲမှာမှ အဝေးဆုံးရော အနီးဆုံးရော ဝေးသထက်ဝေးသွား
ငါဟာ ခေါင်းမငြိမ့် ကျောက်ဖြစ်မျက်နှာ…ပြုံးပြုံလေးပဲ ငြင်းဆန်တယ် နိုင်ထက်စီးနင်းမဟုတ်
ကိုယ့်ကိုယ်ကိုအတွက် …လက်တလောဖြေသိမ့်စရာ စီးကရက်များ သက္ကရာဇ်တွေထပ်လာ
မခံနိုင်ဘူး…တွန်းတင်လိုက်တဲ့ကျောက်တုံး ပြန်လှိမ့်ချလိုက်ရပြန်…ငါလည်း စီစီဖတ်ပဲ
သူ…ငါ…နင် မပြောချင်ရင် အောင့်လုံးတွေကိုအောင့်ထား…အမျှင်တွေတန်းထားသမျှ
ဒါ စေ့စပ်ကြောင်းလမ်းခြင်းတစ်ခု…ပြက်လုံးတွေပေရေ… ကြိုတင်အကြောင်းမကြားထားဘူး
ရယ်ရတာတွေ ဘယ်ဆီကိုများလွင့်ပါသွား…လက်တစ်ဖက်ဆန့်တန်းလာ…ပူမြတဲ့လည်ပင်း
ငါ ရိုင်းဆိုင်းကောင်းရိုင်းဆိုင်းသွားမယ်…ဒီမှာဘ၀ရဲ့ ဒဏ်ခံ စီးကရက်များ လှလို့ ပလို့…။     
                                                                                   ရွှေ ကြယ် မိုး