Sunday, March 24, 2013

အိမ်အပြန် ညနေခင်းများ၏ ညှိနှိုင်းယုံကြည်ရခြင်းများ

တစ်လောကလုံးမှောင်အတိကျနေတဲ့
လမ်းကျဉ်းလေးထဲ ပြန်ရောက်လာတဲ့အထိ စိတ်က ဗလာဟင်းလင်း

ခန္ဓာကိုယ်ချင်း အက်ကြောင်းဆက်မရတာ ကြာပြီ
ဒီလိုဆို မပွင့်ရသေးတဲ့ ပန်းအကြောင်း ဘယ်လိုငြင်းကြမလဲ
ဟိုးတုန်းကအထိ ပုံပြင်တွေက လတ်ဆတ်နေသေးတယ်
အရောင်ဆိုးမရတော့တာကိုက အမှားဖြစ်နိုင်တာပဲ
မဖြစ်နိုင်တော့ဘူးဆိုတာ သိနေရင်လည်း ခေါင်းညိတ်လိုက်လေ

လွန်ခဲ့တဲ့ ရက်ပေါင်းတစ်သောင်းခြောက်ထောင်ကျော်က
ချေဂွေဗားရားရဲ့ တစ္ဆေဆန်ဆန်မျက်လုံးများ…စွန်းပေမှုများ
သွေးများ…လက်နက်များ…မြတ်နိုးမှုများ…
သိစိတ်မဲ့နေတဲ့ ကမ္ဘာထဲ ဘယ်တော့မှ ပြန်မရနိုင်တော့
ဆောက်တည်ရာမဲ့ အတွေးတွေ လွတ်လပ်လွန်းလှ ( ငါ )
တစ်ကိုယ်ရေခရီးဆန့်မှုဟာ အရုဏ်တက်ချိန်ကို မှီမှာမဟုတ်
တုံးမောင်းခေါက်သံကိုကြားရမှာမဟုတ်…လင်းကြက်တွေလည်းတွန်မှာမဟုတ်

ငါလွတ်ကင်းတယ်…တစ်ညလုံး မီးပိတ်ထားလိုက်စမ်းပါ
သွားပြီ...ပင်လယ်မှာမှ ပျော်မယ့် ဗေဒါလှိုင်းလေး မောပန်းလှ
ကမ္ဘာ့ဝင်ရိုးနဲ့ ရင်ချင်းရိုက်မိပြီး ဖြစ်တည်မှုတရားတွေ မာကျောသွားတာကိုး
ပြန်လှည့်လို့မရတဲ့ နာရီကို ဇောက်ထိုးပတ်ထားလိုက်တယ်
ပြန်ရောက်သွားနိုင်မလားပေါ့


ကယ်
တော့

ဘာမှ မရှိတော့တာလည်း ကြာခဲ့ပြီ
ကောက်ရိုးတစ်မျှင်တောင် မရှိတာလည်း  ကြာခဲ့ပြီ
ခြေရာတွေကလည်း ဖုန်တွေနဲ့ လွင့်စင်သွားခဲ့တာကလား

စောင့်ပေါ့
ဆည်းဆာချိန်မှန်သမျှ၊ ညနေခင်း သင်္ဘောခေါက်တွေ မှန်သမျှ
သဲထဲရေသွန်ဖြစ်မသွားဘူးလို့ ယုံကြည်ရတဲ့အခါတိုင်း…။        ။
                                                   ရွှေ ကြယ် မိုး

No comments:

Post a Comment