ငါတို့လမ်းထဲ
ထပ်တိုးလာတဲ့ အိမ်ကြီးအိမ်ကောင်းတစ်အိမ်
အရင်ကလို
မှောင်ရိပ်ကျနေတဲ့
အိမ်ကလေးမဟုတ်တော့ဘူး
ညိုဖျော့ဖျော့အရောင်တွေ
စီစီရီရီနဲ့ ဓနိခေါင်မိုးလေးလည်း မရှိတော့ဘူး
အရင်က
သမိုင်းကို
မျက်ခြေဖြတ်မခံသလို ငေးကြည့်နေရရုံတစ်ခုတည်း
အဆက်အသွယ်လုပ်ခွင့်ရတဲ့
အရေးတော်ပုံလူငယ်လေးရဲ့ အိမ်နဲ့
အသွင်အပြင်ချင်းအစပ်အဟပ်တည့်ကောင်း
တည့်ခဲ့နိုင်ပေမယ့်
အခုတော့
ဇာခြည်ရဲ့ သာမာန်အိမ်ကလေးဟာ
အရင်ကလို
သာမာန်အိမ်ကလေးမှ မဟုတ်တော့တာ
လူတွေ
လူတွေချင်း
မကြေလည်တဲ့
အခက်အခဲတွေ ရှိခဲ့ကြတောင်
အရင်တုန်းက
‘အိမ်’သက်သက်တွေဟာ
ကွာဟာမှုတွေသိပ် မရှိခဲ့တာကလား
သစ်ပင်ပန်းမာန်တွေလို
အောက်စီဂျင်တွေ ရှုရှိုက်နေရရုံနဲ့
ငါတို့
အိမ်ကလေး နှစ်အိမ်
ရင်ဘတ်ချင်း
စပ်ယှက်လို့ရမယ်ဆိုရင် အရမ်းကောင်းမှာပဲ
ထစ်ခနဲဆိုကျကွဲသွားမယ့်
အနာဂါတ်နိုင်ငံမှာမှ
ငါတို့မက်တဲ့အိပ်မက်ဟာ
နှစ်အိမ့်တစ်အိမ် မငြိမ်းချမ်းဘူး
ရှုပ်ထွေးပွေလီလွန်းတဲ့
လမ်းများထဲ ငါရယ် ဇာခြည်ရဲ့ အိမ်ကလေးရယ်
လက်ဝဲ
လက်ယာတွေကွဲပြားကြ…သိစိတ်မသိစိတ်တွေ ကွဲပြားကြ
ရှေ့ကို ဘယ်လိုပုံစံတွေနဲ့ ဆက်ကြမလဲ
သာမာန်အိမ်ကလေးမဟုတ်တော့တဲ့
ဇာခြည်ရဲ့ အိမ်ကလေးဟာ
ကချင်ကွက်ဝတ်ထားတဲ့
လူငယ်တစ်ယောက်ကို မေးငေါ့လို့နေတော့မယ်
သစ်စိမ်းပင်တွေကြားက
ကျော်ဖြတ်ကြည့်ရင်
မှောင်ရိပ်ထဲမှာ
ကြေးမုံတစ်ချပ်ကိုင်လို့ ဘီးဖီနေခဲ့ဖူးသူ
ခုတော့
အရင်ကလို
မှောင်ရိပ်ကျနေတဲ့
အိမ်ကလေးမဟုတ်တော့ဘူး
ခုတော့
ဇာခြည်ရဲ့
သာမာန်အိမ်ကလေးဟာ အရင်ကလို သာမာန်အိမ်ကလေးမဟုတ်တော့ဘူး
ရွှေ
ကြယ် မိုး
No comments:
Post a Comment