လာ…ကိုယ်တို့ရဲ့ ကမ္ဘာလေးကို အရောင်တွေဆိုးလိုက်ကြမယ်
ခါးသီးတဲ့ရက်စက်မှုတွေထဲ သူရော ကိုယ်ပါ အတိတ်စိမ်းတွေ လှိုင်လှိုင်ပွင့်ခဲ့ကြ
ယုံကြည်တယ်ဆိုတာကို ကိုယ်ယုံကြည်စွာ
ရိုက်ချိုးခဲ့တယ်…မသောက်ခဲ့ကြပေမယ့် မိုးခါးရေတွေ ရွှဲရွှဲစိုခဲ့
အချိန်မတန်ခင် လွင့်ကြွေကြရမယ်
ရစ်သမ်မှန်မှန်ခတ်နေပေမယ့် ဂစ်တာလေးမှာ
တော်လဲသံတွေသာ ပြိုကျခဲ့
မိန်းမပျိုလေးရဲ့ ပါးနှစ်ဖက်ဟာ စွန်းထင်းခဲ့ဖူးသား လောကဓံမှာ သပ်သျှိုထားရသလို
မမြင်နိုင်တဲ့အကွာအဝေးတွေမှာ ပါးစပ်ပြောပုံပြင်တွေသာ အခမ်းနားဆုံးဖြစ်ခဲ့တယ်
မျက်နှာချင်းဆိုင်ဆိပ်ကမ်းတွေကို လှမ်းမြင်နိုင်ပေမယ့်
ဘေးချင်းကပ်ဆိပ်ကမ်းတွေကျတော့ ရှင်းရှင်းလင်းလင်းမမြင်နိုင်
ဆိပ်ကမ်းရွာလေးရဲ့ လမ်းမတွေမှာ မိန်းမပျိုလေးရဲ့ ဆံပင်တွေ ပြေလျော့ကျနေလိမ့်
အချိန်မတန်ခင် လွင့်ကြွေကြရမယ်
တစ်ရပ်တစ်ကျေးဆီကအငွေ့အသက်တွေကို စီးကရက်ထဲထည့်ရှိုက်ရင်း
အာသာဖြေနေရ…ကိုယ့်ကမ္ဘာမှာ လန်ဒန်ဖင်စီခံတွေနဲ့ အပင်တွေ စိုက်ထားတယ်
ေ၀၀ါးလွန်းတဲ့ ပတ်ဝန်းကျင်တွေထဲ ရွာလေးရဲ့ မြစ်ဆိပ်ကိုထွက်ပြီး
လှေငယ်လေးတွေဆီ မိန်းမပျိုလေး ငေးမျှော်နေရော့သလား
ဘ၀အတွေ့အကြုံကို ခန္ဓာကိုယ်နဲ့ရင်းပြီးတည်ဆောက်ခဲ့ရ
ဒီလိုနဲ့
အချိန်မတန်ခင် လွင့်ကြွေကြရမယ်
ထိစပ်သမျှတွေ နှောင်းနေရစ်ကြပြီပဲ
မှန်ချင်ပေမယ့် မှားပေးလိုက်ရတဲ့အခါ ကိုယ်တို့ရဲ့ ကမ္ဘာလေးကို
အရောင်ဆိုးပစ်ဖို့ လိုအပ်လာတယ်
ဘာမှစိတ်ထဲမထားပါနဲ့
ကိုယ်က စကြာဝဠာနဲ့ မဆန့်မပြဲ ရင့်ကျက်ခဲ့ပြီဆိုပေမယ့်
မိန်းမပျိုလေးက ငယ်သေးတယ်မဟုတ်လား
ဝေးဝေးကပဲ မေးထူခေါ်ပြောလုပ်နေရတယ်ဆိုပေမယ့် အားလုံးဟာ
အချိန်မတန်ခင်လွင့်ကြွေကြရမယ်
ရွှေ ကြယ် မိုး
No comments:
Post a Comment