Tuesday, July 9, 2013

ငါတို့နှစ်ယောက်ဟာ ခေတ်ဆိုးကြီးက မွေးထုတ်ပေးလိုက်တဲ့ သားကောင်တွေမှန်း ကိုယ်တိုင်ကိုယ်ကျသိရှိသွားတဲ့အခါ




ဆံပင်တွေညှပ်ပြီးလို့ နောက်ထပ်အသစ်တစ်ဖန်တောင် ပြန်ရှည်လာပြီ
အဲ့ဒီ့လောက်ထိကို ကြာခဲ့ကြတာလေ…ပြန်ပြီးတော့ ဝေခွဲကြရတဲ့အခါ
ဘယ်ဟာခေါင်းလဲ ဘယ်ဟာပန်းလဲ အဓိကကျတော့မှာ မဟုတ်ဘူး
သွေးနွေးသတ္တ၀ါတွေရဲ့ ဘယ်တော့မှ သွေးမအေးနိုင်တဲ့ခံစားချက်မျိုးတွေ
တစ်နေ့ပြီးတစ်နေ့ ဘယ်တော့မှ ပြန်မရတော့မယ့် အရာတွေလို ငါတို့ဖြစ်ခဲ့
ငါတို့ကြားထဲ ယုံကြည်ချက်ဟာ မိုင်ပေါင်း (၃၀)ကျော်… ခိုင်မာမှုနဲ့
ပေါင်းကူးဖို့ခက်ခဲ့…ဝေးကွာမှုတွေက ရက်ပေါင်း(၉၀)အလွန်…ဘာဆေးမှမရှိ
စီးကရက်တွေက အဖော်အဖြစ်ပေါင်းသင်းခံခဲ့…တစ်ယောက်တစ်ကမ္ဘာစီဟာ
စိတ်ချင်းအဆက်သွယ်ရတာတစ်ခုကလွဲလို့ ကျန်တာအားလုံးပြတ်တောက်ခဲ့တယ်
ခေတ်ကြီးတစ်ခုလုံးရဲ့ ကျည်သင့်ခဲ့ရာ သားကောင်များထဲ ငါတို့အသွေးအသားတွေလည်းပါ
ငါတို့ မိသားစုတွေလည်းပါ…ငါတို့ရဲ့ ဆွတ်ပျံ့ဖွယ်ရာ ဘ၀တွေလည်းပါ
အရာရာဟာ တိတ်ဆိတ်ခြောက်ကပ်ခဲ့ စမ်းတ၀ါးဝါးဖြစ်လွန်းသူတို့ရဲ့ ဆွေးမြေ့ဖွယ်ရာ ဂီတပွဲ
အရည်ပျော်ဝင်ခြင်းပုစ္ဆာတစ်ပုဒ်လို ဘယ်အမှတ်ရောက်ရင် ငါတို့ ပြန်ဆုံဖြစ်ကြမယ်ဆိုတာ
တွက်လို့ရရင်ကောင်းမယ်…ခန္ဓာကိုယ်တွေဟာ ဟာ ဘယ်လိုတွယ်အပ်မျိုးနဲ့မှ ချိတ်ဆက်မရသလို
ဘယ်လို အပ်ချည်နဲ့မှလည်း ပြန်ချုပ်ယူလို့ မရတော့ဘူး…အရာရာဟာ စနစ်တကျ ဖျက်ဆီးခံရ
ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေဖျက်ဆီးခံရ…နင်နဲ့ငါ ပိုင်ဆိုင်တဲ့စိတ်ကြိုးတွေ ချိတ်ပိတ်ခံရ
ပင်နီလွယ်အိတ်နဲ့ အတူထုံးထားတဲ့ ဆက်ထုံးတွေ ငွေများတရားနိုင်လောကဓံထဲ
ပုဒ်မပေါင်းများစွာနဲ့ ဖြေချခံလိုက်ရပြန်…ဘယ်ရောက်သွားပြီလဲ ငါတို့ရဲ့ လယ်သင်ရိုးလေး
ငါတို့ရဲ့ လယ်သင်းရိုးလေးကို ဘယ်သူတွေက ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးသွားတာလဲ
ငါတို့ရဲ့ လယ်သင်းရိုးလေးမှာ ငါတို့ပိုင်တဲ့ လယ်သင်းရိုးလေးမှာ ငါတို့ထိုင်ခွင့်မရှိတော့ဘူးတဲ့လား
တစ်ယောက်နဲ့တစ်ယောက်တည်ဆောက်ကြနေကြတဲ့ ယုံကြည်ချက်ဟာ သဲမစင်နိုင်ခင်
လည်စင်းပေးခဲ့ကြရတယ်…ဟုတ်တယ် ငါတို့ ညညအိပ်မပျော်တာကိုက နေသားကျလာပြီပဲ
ဘ၀မှာနှစ်ခါပြန်မရနိုင်တဲ့ အရာတွေထဲ ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနီးကပ်မှုတွေပါသွား
နှစ်ယောက်စလုံး အဝေးမှာ…တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေပြတ်တောက်
တယ်လီဖုံးနံပါတ်တွေ မခေါ်နိုင်ကြ…စီးကရက်အငွေ့တွေကြားမှာ လယ်တောရွာလေးကို ငါတွေ့ရှိ
လယ်တောရွာလေးဟာ မီးခိုးတလူလူ…လက်အယားဖြေယုံသက်သက် ဆွဲညှစ်လိုက်တဲ့မောင်းမှာ
ငါတို့ဘ၀တွေ ကစဥ့်ကလျား…နင့်ရဲ့သူရဲကောင်း ငါလည်း လည်ပင်းပေါ်ရောက်လာတဲ့ ခေတ်ဆိုတဲ့
ဓါးကြီးကို ဘယ်ရှောင်နိုင်ပါ့မလဲ…တိခနဲ ပြတ်ထွက်ခဲ့ရတာပေါ့…သံယောစဉ်လွန်ဆွဲပွဲ
ငါ့အိပ်မက်ပေါ် နင့်နှုတ်ခမ်းက တစက်စက် စီးကျနေတဲ့ သွေးစက်တွေ ပြုတ်ကျ
ငါတို့ဟာ ထိပ်တိုက်ရင်ဆိုင်ရေးသမားတွေ …ငါတို့ဟာ ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်သူတွေ
ငါတို့ဟာ ကိုယ့်လယ်ယာမှာ ကိုယ်ထွန်ယက်ကြချင်သူတွေ ငါတို့ဟာ ပျော်ရွှင်လိုသူတွေ
ပြီးတော့ ငါတို့ဟာ ခေတ်ဆိုးကြီးက မွေးထုတ်ပေးလိုက်တဲ့သားကောင်တွေ

                                                                                ရွှေ ကြယ် မိုး

No comments:

Post a Comment